ဖတ်ထလူခရိုင်၌ မြန်မာနိုင်ငံသားများလိုက်ပါလာသည့် ကားတိမ်းမှောက်၍ ၂ ဦးဒဏ်ရာရ ကားမောင်းသည့်ထိုင်းနိုင်ငံသားထွက်ပြေး
ထိုင်းနိုင်ငံ၊ဖတ်ထလူခရိုင်၊ထာ့ချန်မြို့နယ်ရှိ အာရှလမ်းမကြီးပေါ်တွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများလိုက်ပါလာသည့်ကား ဇူ လိုင် ၁ ရက်ညနေပိုင်းက တိမ်းမှောက်ခဲ့သည်ဟု သိရသည်။
တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများလိုက်ပါလာသည့် ဟိုင်းလပ်ကားသည် အာရှလမ်းမကြီးပေါ်၌ ဆိုင်ကယ်တစ်စီးနှင့်မတော်တဆထိခိုက်ပြီးနောက် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ထိုးကျသွားခဲ့ကြောင်း သိရသည်။
ထို့သို့ ဖြစ်ပွားခဲ့သဖြင့် ကားပေါ်တွင်လိုက်ပါလာသည့် မြန်မာနိုင်ငံသား ၂၃ ဦးအနက် ၂ ဦးမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ထိုင်းနိုင်ငံသားကားမောင်းသူမှာ အခင်းဖြစ်နေရာမှထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း သိရသည်။
အလားတူ မြန်မာနိုင်ငံသားများမှာလည်းဘဖြစ်စဥ်အားလာရောက်စစ်ဆေးသည့် ထိုင်းနိုင်ငံတာဝန်ရှိသူများ၏ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း သိရသည်။
အလားတူ ထိုင်းနိုင်ငံတာဝန်ရှိသူများမှ ထိခိုက်ဒဏ်ရာရရှိသူ ၂ ဦးအား ဆေးရုံသို့ဆေးကုသမှုခံယူရန်ပို့ဆောင်ပေးခဲ့ပြီး ဖမ်းဆီးရမိသူများအား ထိုင်းနိုင်ငံဥပဒေအရအရေးယူရန် သက်ဆိုင်ရာရဲစခန်းသို့လွှဲပြောင်းပို့ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာနိုင်ငံသားများသည် မလေးရှားနိုင်ငံ၌ အလုပ်လုပ်ရန် ကော့သောင်းမြို့မှတဆင့် စက်လှေဖြင့် ရနောင်းမြို့သို့ဝင်ရောက်လာပြီး ကားဖြင့်ဆက်လက်ထွက်ခွာလာသူများဖြစ်ကာ ပွဲစားခအဖြစ် တစ်ဦးလျင် ထိုင်းဘတ်ငွေ ၂၅၀၀၀ မှ ၂၈၀၀၀ အထိပေးချေခဲ့ရကြောင်း စစ်ဆေးသိရှိခဲ့ရသည်။