သန်လျင် တံတား အမှတ် (၃) ပြီးစီးပါက လူမှု စီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဟု ဆောက်လုပ်ရေး ဝန်ကြီး ပြော

0
337

သန်လျင် တံတား အမှတ် (၃) ပြီးစီးပါက လူမှု စီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဟု ဆောက်လုပ်ရေး ဝန်ကြီး ပြော

ပဲခူးမြစ်ကူး သန်လျင်တံတားအမှတ်(၃) တည်ဆောက်ပြီးစီးပါက ဒေသ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည် ထောင်စု ဝန်ကြီး ဦးရွှေလေးက ပြောသည်။

ဇူလိုင်လ (၃) ရက် နေ့လယ်ပိုင်းက အဆိုပါ တံတား တည် ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်စစ်ဆေးစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

“တံတားကြီး ပြီးစီးသွားပါက ဒေသ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက် လာမှာ ဖြစ်ပါတယ်။ ယာဉ်ကြောပိတ်ဆို့မှုကိုလည်း လျော့နည်းသက်သာစေပြီး လမ်းပန်းဆက် သွယ်ရေး လွယ်ကူချောမွေ့လာမည် ဖြစ်ပါတယ်” ဟု ဦးရွှေလေးက ပြောသည်။

ပဲခူးမြစ်ကူး သန်လျင်တံတား အမှတ်(၃)ဟည် ရန်ကုန်မြို့ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေမည်ဖြစ်ပေါ်စေမည့်အပြင် ကုန်စည် စီးဆင်းမှုတွင် အဓိကအရေးပါသည့် ရန်ကုန်-သန်လျင်-သီလဝါ အထူးစီးပွားရေးဇုန်တို့ကို အလွယ်တကူ ဆက်သွယ်သွားလာနိုင်မည် ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် သာကေတဘက်ခြမ်း တံတားတည်ဆောက်ရေး လုပ်ငန်းခွင်သို့ သွားရောက်၍ P C Box Girder ထုတ်လုပ်နေမှု၊ လုပ်ငန်းခွင်အတွင်း သယ်ယူပို့ဆောင်ပေးနေမှုနှင့် Span by Span Method ဂျပန်နည်းပညာဖြင့် တပ်ဆင်မည့် အခြေအနေနှင့် Fly Over Bridge တည်ဆောက်ပြီးစီးမှုအ‌ေခြအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် သံလျင်ဘက်ခြမ်းသို့ သွားရောက်ကာ ချဉ်းကပ်တံတား ဆောင်ရွက်နေမှု၊ ရေလယ်တိုင်အမှတ်(၆) လုပ်ငန်းများ ဆောင်ရွက်နေမှု၊ လွန်းထိုးခြင်း (Launching)နည်းပညာကို အသုံးပြု၍ P C Box Girder များ တပ်ဆင်ရန် ပြင်ဆင်မှုတို့ကို ကြည့်ရှုစစ် ဆေးပြီး လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးအား အမြဲဂရုပြုဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

ယခုတည်ဆောက်နေသည့် ပဲခူးမြစ်ကူး သန်လျင်တံတားအမှတ်(၃)သည် လက်ရှိ အသုံးပြုနေသည့် ရန်ကုန်-သန်လျင် အမှတ်(၁)တံတား၏ အနီးတွင် တည်ရှိပြီး ပင်မတံတားအရှည် (၁၉၂၈)မီတာ၊ ယာဉ်သွားလမ်းအကျယ် (၂၄)မီတာ ယာဉ်(၄) လမ်းသွားနှင့် သာကေတဘက်ခြမ်း ချဉ်းကပ်တံတားအရှည် (၅၄၇)မီတာ၊ သန်လျင် ဘက်ခြမ်း ချဉ်းကပ်တံတား အရှည်(၁၈၈)မီတာရှိပြီး တံတား ၏ ခံနိုင်ဝန်မှာ (၇၅)တန်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here