ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ရန်ကုန်တိုင်းဒေသကြီးအတွင်း မဲဆန္ဒရှင်စာရင်း မှန်ကန်ရေး စစ်ဆေးဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

0
163

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ရန်ကုန်တိုင်းဒေသကြီးအတွင်း မဲဆန္ဒရှင်စာရင်း မှန်ကန်ရေး စစ်ဆေးဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် ရန်ကုန်တိုင်းအတွင်း မဲဆန္ဒရှင်စာရင်း စစ်ဆေးနေမှုကို သွားရောက် ကြည့်ရှု့ စစ်ဆေးခဲ့ကြောင်း သိရသည်။

မင်္ဂလာဒုံမြို့နယ်ရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန သင်တန်းကျောင်း၌ လုပ်ဆောင်နေသည့် မဲပေးပိုင်ခွင့်ရှိသူစာရင်းများ ပြုစုခြင်းနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ မှန်ကန်မှုရှိမရှိ မြေပြင်စာရင်းများနှင့် တိုက်ဆိုင်စစ် ဆေးနေမှုကို ဇူလိုင်လ (၃) ရက် မွန်းလွဲပိုင်းက သွား ရောက်ကြည့်ရှုခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးအား ရွေးကောက်ပွဲကော်မရှင်မှ ညွှန်ကြားရေးမှူး ဦးသိန်းဦးနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုနှင့် လုပ်ငန်းလိုအပ်ချက်များကို လိုက်လံရှင်းလင်း တင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မင်္ဂလာဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာန သင်တန်းကျောင်းတွင် လူအင်အား (၁၅၀)ကျော်က ကွန်ပျူတာ (၁) လုံးလျှင် တစ်ရက်ပျမ်းမျှ လူဦးရေ (၆၆ ၀)နှုန်းခန့်ဖြင့် ကွန်ပျူတာ (၉၂)လုံး အသုံးပြုကာ တစ်ရက်လျှင် ပျမ်းမျှလူဦးရေ စုစုပေါင်း (၄၅၀၀၀) ကျော်ကို အချက်အလက်များ မှန်ကန်ရေး တိုက်ဆိုင်စစ်ဆေး ဖြည့်သွင်းပြုစု ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မင်္ဂလာဒုံမြို့နယ် ဦးစီးမှူးရုံးသို့ သွားရောက်၍ နိုင်-၄ မှတ်တမ်းပါ အချက်အလက်များနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ ကွန်ပျူတာဖြင့် ဖြည့်သွင်းကာ ရုံးချုပ် Server သို့ ပေးပို့ဆောင်ရွက်ပြီးစီးမှု၊ မှတ်တမ်းပစာရင်းများ မှန်ကန်ရေးအတွက် မြေပြင်ရှိ ကိုယ်ရေးအချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေးမှု၊ ယခင်မဲစာရင်းများတွင် ကတ်ပြားအမှတ်များ ဖြည့်သွင်းရန် ကျန်ရှိမှုများအပေါ် ပြန်လည်စိစစ် ဖြည့်သွင်းနေမှုများကိုလည်း ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုနောက် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့်အဖွဲ့သည် လှိုင်သာယာ (အရှေ့)မြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးသို့ သွားရောက်၍ နိုင်ငံသားစိစစ်ရေး ကတ်ထုတ်ပေးခြင်း၊ မှတ်ပုံတင်စာအုပ် (နိုင်-၄)ပါ အချက်အလက်များနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများကို ကွန်ပျူတာများအတွင်း ဖြည့်သွင်း‌နေမှုကို စစ်ဆေးခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here