ဗြိတိန်သံတမန်တစ်ဦးနှင့် နိုင်ငံခြားသားအများအပြားကို သူလျှိုအဖြစ် ဖမ်းဆီးထားသည်ဟု အီရန်ရုပ်သံ ကြေငြာ

0
183

ဗြိတိန်သံတမန်တစ်ဦးနှင့် နိုင်ငံခြားသားအများအပြားကို သူလျှိုအဖြစ် ဖမ်းဆီးထားသည်ဟု အီရန်ရုပ်သံ ကြေငြာ

ဒူဘိုင်း၊ ဇူလိုင် ၆ ရက်

တီဟီရန်မြို့ရှိ ဗြိတိန်၏ ဒုတိယအကြီးတန်း သံတမန်အပါအဝင် နိုင်ငံခြားသား အများအပြားကို ကန့်သတ်နယ်မြေများ၌ မြေနမူနာယူခြင်းကြောင့် သူလျှိုလုပ်သည် ဆိုကာ အီရန်တော်လှန်ရေးအစောင့်တပ်များက ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း နိုင်ငံပိုင်ရုပ်မြင်သံကြားမှ ဇူလိုင် ၆ ရက် ဗုဒ္ဓဟူးနေ့တွင် ဖော်ပြခဲ့သည်။

ဖမ်းဆီးခံရချိန်၊ ဆက်လက် ဖမ်းဆီးထိန်းသိမ်းထားခြင်း ရှိမရှိကိုမူ အသေးစိတ် ဖော်ပြထားခြင်းမရှိချေ။

အဆိုပါ ဖမ်းဆီးထားခံရသူများသည် တော်လှန်ရေးအစောင့်တပ်များ၏ အာကာသဆိုင်ရာ ဒုံးကျည်လေ့ကျင့်မှုပြုလုပ်သည့် အီရန်အလယ်ပိုင်းကန္တာရ၌ မြေနမူနာယူခဲ့သည်ဟု နိုင်ငံပိုင်ရုပ်သံက ဆိုသည်။

အီရန်အလယ်ပိုင်း၌ ဗြိတိန်သံတမန် ဂျိုင်းလ်စ် ဝတ်တီကာနှင့် ၎င်း၏မိသားစု ရောက်ရှိနေသည့် ဗီဒီယိုကို အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားတွင် ပြသခဲ့သည်။ အစောင့်တပ်များမှ ဒုံးကျည်စမ်းသပ်မှုများ ပြုလုပ်နေကျ နေရာသည် အီရန်အလယ်ပိုင်း အနီးတစ်ဝိုက်တွင် တည်ရှိပြီး ဝတ်တီကာ သည်လည်း ထိုနေရာမှ မြေနမူနာယူခဲ့ပုံရသည်။

သို့ရာတွင် ဗြိတိန်နိုင်ငံခြားရေးရုံးမှ ပြောရေးဆိုခွင့်ရှိသူက အီရန်တွင် ဗြိတိန်သံတမန်တစ်ဦး ဖမ်းဆီးခံရခြင်း အစီရင်ခံစာများသည် လုံးဝမှားယွင်းနေသည်ဟု ဆိုသည်။

နောက်ထပ်ဖမ်းဆီးခံရသူများတွင် အီရန်ရှိ ဩစတြီးယား ယဉ်ကျေးမှု သံတမန်၏ ခင်ပွန်းဖြစ်သူနှင့် ပိုလန်နိုင်ငံမှ တက္ကသိုလ်ပါမောက္ခ မာချီ ဗယ်လ်ချာတို့ပါဝင်သည်။

သြစတြီးယားတာဝန်ရှိသူများအား အဆိုပါကိစ္စနှင့် ပတ်သက်၍ မှတ်ချက်ပေးရန်အတွက် ဆက်သွယ်၍ မရ​သေး​ပေ။

အီရန်တော်လှန်ရေးအစောင့်တပ်များသည် မကြာသေးမီနှစ်များအတွင်း ၎င်း၏နိုင်ငံသားနှစ်ဦးနှင့် နိုင်ငံခြားသား ဒါဇင်ပေါင်းများစွာကို သူလျှိုလုပ်မှုနှင့် လုံခြုံရေးဆိုင်ရာ စွဲချက်များဖြင့် ဖမ်းဆီးခဲ့သည်။

Source: Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here