ဘရာဇီးနိုင်ငံ အမေဇုန်၌၆လအတွင်း သစ်တောပြုန်းတီးမှု စံချိန်တင်ခဲ့
မနောက်စ်၊ ဘရာဇီး၊ ဇူလိုင် ၈
ဘရာဇီးနိုင်ငံရှိ အမေဇုန်မိုးသစ်တော၌ သစ်တောပြုန်းတီးမှုသည် ယခုနှစ် ပထမခြောက်လအတွင်း စံချိန်တင် မြင့်မားလာခဲ့ပြီး နယူးယော့ခ်မြို့ အကျယ်အဝန်း၏ငါးဆလောက်ကျယ်ဝန်းသော သစ်တောပမဏ ပျက်စီးခဲ့ရကြောင်း သောကြာနေ့တွင် ထုတ်ပြန်သော အစိုးရအချက်အလက်များ အရ သိရသည်။
ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ဒေသအတွင်း ၃၉၈၈ စတုရန်းကီလိုမီတာ (၁၅၄၀ စတုရန်းမိုင်) ရှိ သစ်တောများပြုန်းသွားကာ ပြီးခဲ့သည့်နှစ်ထက် ၁၀ ဒသမ ၆ ရာခိုင်နှုန်းတိုး၍ဆိုးလာကြောင်း အမျိုးသားအာကာသ သုတေသန အေဂျင်စီ Inpeက ပြောကြားခဲ့သည်။
ကမ္ဘာ့အကြီးဆုံး မိုးသစ်တောကြီးဖြစ်သည့် အမေဇုန်၌ ယင်းကဲ့သို့ သစ်ပင်များ ဖျက်ဆီးခံရခြင်းကြောင့် ၎င်းကထိမ်းထားနိုင်သည့် ကာဗွန်များမထိမ်းနိုင်တော့ဘဲလေထုကို ပူနွေးစေပြီး ရာသီဥတုပြောင်းလဲမှုကို ဖြစ်ပေါ်လာစေကြောင်း သိရသည်။
ယခုနှစ် သစ်တောပြုန်းတီးမှု မြင့်တက်လာခြင်းနှင့်အတူ တောမီးလောင်မှုသည်လည်း ပုံမှန်ထက် ပိုမိုမြင့်တက်လာကာ ဘရာဇီး၌ ယခုနှစ် ဇွန်လသည် ၁၅ နှစ်အတွင်း အမေဇုန်တောမီးလောင်မှု အရေအတွက်အများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ယေဘုယျအားဖြင့် အဖိုးတန်သစ်များအား သစ်ခုတ်သမားများထုတ်ယူပြီးနောက်ကျန်ရစ်နေသည်အပင်များကို စိုက်ပျိုးမွေးမြူရေးသမားများနှင့် မြေသိမ်းသမားများက စိုက်ပျိုးရေးအတွက် မြေယာရှင်းလင်းရန် မီးတင်ရှို့ခဲ့ခြင်းကြောင့် ယင်းကဲသို့တောမီးလောင်မှု မြင့်တက်လာခြင်းဖြစ်သည်။
သစ်ခုတ်သမားများနှင့် မြေသိမ်းသမားများသည် အစိုးရအပြောင်းအလဲ မတိုင်မီကာလအတွင်း တရားဥပဒေစိုးမိုးမူ အားနည်းနေခြင်းကို အသုံးချနေသဖြင့် ပိုမိုဆိုးဝါးလာဖွယ်ရှိသည်ဟု ကျွမ်းကျင်သူများက ဆိုသည်။
Source: Reuters