Tik Tok ဆော့ရင်းအသက်ဆုံးရှုံးခဲ့ရသည့် ကလေးငယ်နှစ်ဦး၏မိဘများက Tik Tok အားတရားစွဲ

0
134

Tik Tok ဆော့ရင်းအသက်ဆုံးရှုံးခဲ့ရသည့် ကလေးငယ်နှစ်ဦး၏မိဘများက Tik Tok အားတရားစွဲ

ဝါရှင်တန်၊ဇူလိုင် ၈

အမေရိကန်၌ Tik Tok ၏ Blackout challenge တွင်ပါဝင်ဆော့ကစားရင်း အသက်ဆုံးရှုံးခဲ့ရသည့် ကလေးငယ်နှစ်ဦး၏မိဘများက Tik Tok ကုမ္ပဏီအားတရားစွဲဆိုလိုက်သည်။

ကလေးမိဘများက TikTok ဆော့ဖ်ဝဲလ်သည် Blackout Challenge ကို “ရည်ရွယ်ချက်ရှိရှိနဲ့ ထပ်ခါတလဲလဲ” တွန်းအားပေးနေသည်ဟု စွပ်စွဲကာ ​လော့စ်အိန်ဂျယ်လိစ် ပြည်နယ်တရားရုံးတွင် တရားစွဲဆိုထားသည်။

Social Media Victims Law Center မှ‌ ရှေ့နေတစ်ဦးဖြစ်သူ မစ္စတာ Matthew Bergman ကမူ TikTok သည် အဆိုပါ မိန်းကလေးငယ်နှစ်ဦးအား သေစေလောက်သောအကြောင်းအရာများကို တွန်းအားပေးခြင်းအတွက် တာဝန်ရှိပြီးတာဝန်ယူရန် လိုအပ်ကြောင်းပြောကြားခဲ့သည်။

Blackout challenge ကို ဆော့ကစားပြီး သေဆုံးသွားသူ မိန်းကလေးများသည်အသက် ၈ နှစ်နဲ့ ၉ နှစ် အရွယ်များဖြစ်ပြီး အဆိုပါကစားနည်းကိုကစားရာတွင် ကြိုးနှင့် ခွေးချည်ကြိုးကို အသုံးပြုခဲ့ကြသည်ဟုသိရှိရသည်။

၎င်းတို့၏မိဘများက TikTok စွပ်စွဲရာတွင် အီတလီနှင့် သြစတြေးလျတို့ရှိ အလားတူသေဆုံးမှုများကိုလည်း နမူနာအဖြစ်စာရင်းပြုစုထားသည်။

TikTok သည် ၎င်း၏အယ်လ်ဂိုရီသမ်မှတစ်ဆင့်ကလေးများကို ဖမ်းစားခြင်းနှင့် အန္တရာယ်ရှိသော စိန်ခေါ်ကစားနည်းများကို ရပ်တန့်ရန် တရားသူကြီးကိုတောင်းဆိုရာတွင် သေဆုံးသူများ၏မိဘများက ” Skull Breaker Challenge ” ” Coronavirus Challenge ” နှင့် ” Fire Challenge “စသည့် အန္တရာယ်ရှိသောစိန်ခေါ်ကစားနည်းများကိုလည်း ကိုးကားဖော်ပြခဲ့သည်။

တရုတ်နိုင်ငံအခြေစိုက် ByteDance မှ ပိုင်ဆိုင်သော TikTok သည် တစ်ခါတစ်ရံတွင် အန္တရာယ်ရှိသောနေရာများ၌ အသုံးပြုသူများကိုယ်တိုင်ပါဝင်ရိုက်ကူးသည့် စိန်ခေါ်ကစားနည်းများစွာကို စိတ်ပါလာ​အောင်ပြသထားသဖြင့် နည်းပညာကျွမ်းကျင်သူများနှင့် အသုံးပြုသူအများအပြားက စိုးရိမ်ပူပန်မှုများမြင့်တက်လာခဲ့သည်။

(Blackout challenge – အောက်ဆီဂျင်ပြတ်၍ သတိလစ်သည်အထိ မိမိဘာသာအသက်အောင့်သည့်ကစားနည်း)

(Skull Breaker challenge – လူတစ်ဦး၏ခြေထောက်ကို ကျန်နှစ်ယောက်ကဖြတ်ကန်ပြီးကစားသည့်ကစားနည်း၊ထိုသို့ကစားရာတွင်အကန်ခံရသူသည်နောက်သို့လဲကျချိန်တွင် အခန့်မသင့်ပါကခေါင်းကွဲ၍သေဆုံးနိုင်)

(Coronavirus challenge – မိမိကိုယ်ကို ကိုဗစ်ကူးစက်အောင်ပြုလုပ်သည့်ကစားနည်း။အချို့ Tik Tok ဆယ်လီများက အများသုံးအိမ်သာကိုလျှာဖြင့်လျက်ပြီး ကိုဗစ်ကူးစက်အောင်ပြုလုပ်ကြသည်)

(Fire challenge – အသုံးပြုသူများကမှန်ပေါ်တွင်မီးတောက်နိုင်သည့်ဓာတုပစ္စည်းများဖြင့်လိုသလိုပုံဖော်ကြသည်။ပြီးနောက်မီးမှိတ်ကာ မှန်​ပေါ်တွင်မိမိဖော်ထားသည့်ပုံအတိုင်းမီးတောက်စေရန် မီးရှို့ကစားသည့်ကစားနည်း)

Source – WioNews

Telegram တွင်ဖတ်ရန်>>https://t.me/popularjournal


LEAVE A REPLY

Please enter your comment!
Please enter your name here