အာဘေးကို လုပ်ကြံသူသည် မိခင်လုပ်ငန်း ဒေဝါလီခံရ၍ အညှိုးထားခြင်းဖြစ်ဟုဆို

0
180

အာဘေးကို လုပ်ကြံသူသည် မိခင်လုပ်ငန်း ဒေဝါလီခံရ၍ အညှိုးထားခြင်းဖြစ်ဟုဆို

နာရာ၊ဇူလိုင် ၉

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးကို လုပ်ကြံသတ်ဖြတ်သူသည်သူ့မိခင်၏‌ငွေကြေးဆံုးရှံုးမှုနှင့် ပတ်သက် နေသည်ဟု ၎င်းယုံကြည်သောဘာသာရေးအဖွဲ့အစည်းတစ်ခုတွင် မစ္စတာအာဘေးပါဝင်ပတ်သက်နေသည်ဟု ယုံကြည်သဖြင့်ယခုလိုလုပ်ကြံခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံခဲ့သည်ဟု ဇူလိုင်လ ၉ ရက်စနေနေ့တွင် ရဲများကပြောကြားခဲ့သည်။

ထိုသို့လုပ်ကြံနိုင်ရန်အတွက် လပေါင်းများစွာကြိုတင်စီစဉ်ကာ လက်လုပ်သေနတ်ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။အသက် ၄၁ နှစ်အရွယ်ရှိ အလုပ်လက်မဲ့ တက်ဆုယာ ယာမာဂါမီသည် သောကြာနေ့ကဝန်ကြီးချုပ်ဟောင်း လုပ်ကြံခံရသည့်ဗီဒီယိုထဲတွင် သံသယရှိသူအဖြစ် ဂျပန်ရုပ်မြင်သံကြားဌာနများကထပ်တလဲလဲပြသခဲ့သည်။

ဗီဒီယိုထဲ၌ ဝန်ကြီးချုပ်အားလုပ်ကြံရန် ၎င်းသည်အေးဆေးတည်ငြိမ်စွာပင် အနားသို့ချဉ်းကပ်လာသည်ကိုမြင်တွေ့နိုင်သည်။ဆံပင်စုတ်ဖွားနှင့်မျက်မှန်တပ်ထားသော တက်ဆုယာသည် ဝန်ကြီးချုပ်မိန့်ခွန်းပြောနေသည့် စင်၏ အနောက်ဘက်ခြမ်းမှချဉ်းကပ်လာကာ ၄၀ စင်တီမီတာအရှည်ရှိပြီး တိပ်အမဲများနှင့်ကပ်ထားသည့် လက်လုပ်သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။၎င်းကိုယ်တိုင်လည်း အခင်းဖြစ်နေရာတွင်ပင်ရဲများ၏ဖမ်းဆီးခြင်းခံခဲ့ရသည်။

ယာမာဂါမီသည် အထီးကျန်သူတစ်ဦးဖြစ်ကြောင်း အိမ်နီးချင်းများကရိုက်တာသတင်းဌာန သို့ ပြောကြားခဲ့သည်။၎င်း၏မိခင်ဒေဝါလီခံကာ လှူဒါန်းခဲ့သည့် ဘာသာရေးအဖွဲ့ကို မစ္စတာအာဘေးက အထောက်အကူပြုခဲ့သည်ဟု ယုံကြည်ပြီးယခုလိုလုပ်ကြံခြင်းဖြစ်သည်ဟု ကျိုဒိုသတင်းဌာနက စုံစမ်းစစ်ဆေးမှုဆိုင်ရာ သတင်းရင်းမြစ်များကို ကိုးကား၍ပြောကြားခဲ့သည်။

“ကျွန်တော့်အမေက ဘာသာရေးအဖွဲ့အစည်းတစ်ခုကို ထဲထဲဝင်ဝင်ယုံကြည်သွားပြီး လုပ်ငန်း ကို ဒေဝါလီခံရတဲ့အထိ လှူပစ်လိုက်တယ်၊ဒါကြောင့်ကျွန်တော်မကျေနပ်ဖြစ်ခဲ့လို့ အဲ့ဒီအဖွဲ့နဲ့ပက်သတ်နေမယ်လို့ယုံကြည်တဲ့ အာဘေးကိုအခုလိုသတ်လိုက်တာပဲ” ဟု၎င်းကရဲများထံဝန်ခံထွက်ဆိုခဲ့သည်။

ယာမာဂါမီ၏ရည်ရွယ်ချက် သို့မဟုတ် ပြင်ဆင်မှုအကြောင်း ကို ဂျပန်မီဒီယာကဖော်ပြသည့် အသေးစိတ်အချက်အလက်များအပေါ်နာရာရဲတပ်ဖွဲ့က မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ပြီး ၎င်းမကျေမနပ်ဖြစ်နေသည့် ဘာသာရေးအဖွဲ့၏အမည်ကို မီဒီယာများကမဖော်ပြခဲ့ပေ။

ယာမာဂါမီသည် ၎င်း၏လက်လုပ်သေနတ်ကိုပြုလုပ်ရန်လိုအပ်သည့်ပစ္စည်းများကို အွန်လိုင်းမှမှာယူခဲ့ကာ မစ္စတာအာဘေးကိုအနီးကပ်လုပ်ကြံနိုင်ရန်အတွက် အာဘေး၏မိန့်ခွန်းပြောပွဲစဉ်တိုင်းတွင်လိုက်လံလေ့လာနေခဲ့သည်။

တက်ဆုယာ ယာမာဂါမီသည် ယခင် ၂၀၀၂ မှ ၂၀၀၅ ခုနှစ်အထိ ရေကြောင်းကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့တွင်သုံးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ယာမာဂါမီသည် အနောက်တောင်ဘက်ရှိ အဓိကရေတပ်အခြေစိုက်စခန်းဖြစ်သော Sasebo ရှိ လေ့ကျင့်ရေးယူနစ်တစ်ခုတွင် ပါဝင်ခဲ့ပြီး ဖျက်သင်္ဘောအမြောက်တပ်ရင်းတစ်ခုတွင် တာဝန်ပေးအပ်ခဲ့ဖူးကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ နောက်ပိုင်းတွင် ဟီရိုရှီးမားရှိ လေ့ကျင့်ရေးသင်္ဘောတွင် တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။

“သူတို့ရဲ့ စစ်မှုထမ်းစဉ်ကာလအတွင်း၊ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာ တစ်နှစ်ကိုတစ်ကြိမ် ကျည်ဆန်အစစ် တွေနဲ့ လေ့ကျင့်မှုတွေလုပ်ကြရပြီး သေနတ်တွေကို ဖြုတ်တာတပ်တာ တွေလည်း လေ့ကျင့်ရပါတယ် ” ဟု အကြီးတန်းရေတပ်အရာရှိတစ်ဦးက ရိုက်တာ သို့ပြောကြားခဲ့သည်။

“လေ့ကျင့်ပေးရုံလောက်လေးနဲ့တော့ အခုလောက်ထိဘယ်သူမှကျွမ်းကျွမ်းကျင်ကျင် မလုပ်တတ်ကြပါဘူး၊တာဝန်ထမ်းဆောင်သက် ကြာတဲ့သူတွေတောင် တော်ရုံတန်ရုံမလုပ်တတ်ပါဘူး” ဟုလည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။၂၀၀၅ ခုနှစ်တွင် ယာမာဂါမီသည် ရေတပ်မှထွက်ကာ ကုမ္ပဏီတစ်ခုတွင်ဝန်ထမ်းဝင်လုပ်ခဲ့သေးသည်။ထိုကုမ္ပဏီကနေလည်း ခွင့်မတောင်းဘဲ အလုပ်ထွက်ခဲ့ပြီး ယခုပြစ်မှုကိုကျူးလွန်ခဲ့သည်ဟုသိရှိရသည်။

Source – Reuters/gs

 


LEAVE A REPLY

Please enter your comment!
Please enter your name here