မုံရွာမြို့တွင်ဖြစ်ပွားခဲ့သည့် ဆီတင်သင်္ဘော ၂ စီးနှင့်ဆီပေပါများမီးလောင်မှုဖြစ်စဥ်အား Level 3 အဆင့်ဖြင့် ၃ နာရီခွဲနီးပါးခန့် ငြိမ်းသတ်ခဲ့ရ

0
233

မုံရွာမြို့တွင်ဖြစ်ပွားခဲ့သည့် ဆီတင်သင်္ဘော ၂ စီးနှင့်ဆီပေပါများမီးလောင်မှုဖြစ်စဥ်အား Level 3 အဆင့်ဖြင့် ၃ နာရီခွဲနီးပါးခန့် ငြိမ်းသတ်ခဲ့ရ

စစ်ကိုင်းတိုင်း၊မုံရွာမြို့၊ချင်းတွင်းမြစ်ဘေး၊ကမ်း နားလမ်းရှိ ဆိပ်ကမ်းတစ်ခုအနီး၌ ဆီတင်သင်္ဘော ၂ စီးနှင့်ဆီပေပါများ မီးလောင်ကျွမ်းမှုဖြစ်စဥ်အား Level 3 အဆင့်ဖြင့် ၃ နာရီခွဲနီးပါးကြာ ငြိမ်းသတ်ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၊သုခဟိတနာရေးကူညီမှုအသင်းနှင့်မြန်မာနိုင်ငံလူမှုကူညီရေးအသင်း(မုံရွာ)တို့မှ သိရသည်။

မီးလောင်မှုဖြစ်စဥ်သည် ဇူလိုင် ၁၀ ရက်(ယနေ့) နံနက် ၉ နာရီ ၁၅ မိနစ်ခန့်ကစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ဆီဖြည့်ရာမှတဆင့်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကာ ဆီတင်သင်္ဘော ၂ စီးအပြင် ဆီပေပါများပါ မီးကူးစက်လောင်ကျွမ်းခဲ့သည်ဟု သိရသည်။

“မီးလောင်အားက ဆီဆိုတော့အရမ်းပြင်းတယ် ဆီပေပါတွေပါပေါက်တာဆိုတော့ အတော်သတိ ထားပြီးငြိမ်းခဲ့ရတယ် ထိခိုက်ဒဏ်ရာရတာတော့မရှိပါဘူး မီးခိုးမွှန်တာနဲ့ညှော်နံ့တွေခံရတာလောက်တော့ရှိခဲ့တယ် သင်္ဘောတွေက မီးလောင်ရက်နဲ့မြစ်ထဲကိုမျောသွားလို့ လိုက်ငြိမ်းရတယ်” ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြော သည်။

မီးလောင်မှုဖြစ်စဥ်အား မုံရွာခရိုင်၊မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များ၊လူမှုကူညီရေးအသင်းများ၊အနီးပတ်ဝန်းကျင်နေသူများက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြသည်။

ထိုသို့ ငြိမ်းသတ်ခဲ့သတ်လည်း မီးအားငြိမ်းသတ်နိုင်ခြင်းမရှိခဲ့သဖြင့် နံနက် ၉ နာရီ ၄၅ မိနစ်တွင် Level 3 အဆင့်ဖြင့်ထပ်မံငြိမ်းသတ်ခဲ့ရာ မွန်းတည့် ၁၂ နာရီ ၄၀ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

“မီးအားပြင်းတဲ့အပြင် ဆီပေပါတွေပါပေါက်ကွဲတာကပိုဆိုးတယ် တစ်ချက်တစ်ချက်ထပေါက်လိုက်ရင် လန့်တောင်လန့်တယ် မီးသတ်တဲ့လူတွေကိုလည်း လောင်ပြင်ထဲမှာငြိမ်းနေတဲ့အချိန်အပူဒဏ်မခံရအောင် ဘေးကနေဝိုင်းပြီးရေတွေနဲ့ပက်ပေးရတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

Photo-MFSD , သုခဟိတနာရေးကူညီမှုအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here