အင်အားကြီးနိုင်ငံများ၏ နယ်ရုပ်မဖြစ်စေရန် အာရှနိုင်ငံများအားတရုတ်သတိပေး

0
205

အင်အားကြီးနိုင်ငံများ၏ နယ်ရုပ်မဖြစ်စေရန် အာရှနိုင်ငံများအားတရုတ်သတိပေး

ဂျကာတာ၊ဇူလိုင် ၁၁

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် တနင်္လာနေ့ (ဇူလိုင် ၁၁ ရက်)၌  အင်ဒိုနီးရှားနိုင်ငံမြို့တော်တွင်ပြောခဲ့သော မူဝါဒရေးရာမိန့်ခွန်းတွင် နိုင်ငံများအား ဒေသတွင်း အင်အားကြီးနိုင်ငံများ၏ နယ်ရုပ်များအဖြစ် အသုံးပြုခံရခြင်းကို ရှောင်ကြဉ်သင့်ကြောင်းသတိပေးခဲ့သည်။

ဂျကာတာမြို့ရှိ အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) အတွင်းရေးမှူးချုပ်ရုံး၌ မိန့်ခွန်းပြောကြားရာတွင် ဝမ်က ဒေသတွင်းနိုင်ငံများသည် ရပ်တည်မည့်ဘက်တစ်ခုခုကိုရွေးချယ်ရန်ဖိအားပေးခံနေရသည်ဟုဆိုခဲ့သည်။

ကျွန်တော်တို့အနေနဲ့ “ဒီဒေသကို ပထဝီဝင်နိုင်ငံရေးတွက်ချက်မှုတွေ၊နယ်ရုပ်အဖြစ်အသုံးချခံနေရတာတွေ၊အဓိကအင်အားပြိုင်ဆိုင်မှုနဲ့ အကျပ်ကိုင်မှု‌တွေကနေ အကာအကွယ်ပေးသင့်ပါတယ်၊ကျွန်တော်တို့ဒေသရဲ့ အနာဂတ်ဟာကျွန်တော်တို့ရဲ့ လက်ထဲမှာပဲရှိသင့်ပါတယ်” ဟုလည်း၎င်းကဆိုခဲ့သည်။

အရှေ့တောင်အာရှသည်  အင်အားကြီးနိုင်ငံများအတွက် မဟာဗျူဟာမြောက်အရေးပါမှုကြောင့် ပထဝီနိုင်ငံရေးအရ သဘောထားကွဲလွဲမှုများဖြစ်‌ပေါ်နေခဲ့ပြီး ယခုအခါဒေသတွင်းနိုင်ငံများသည် အမေရိကန်-တရုတ် ပြိုင်ဆိုင်မှုအလယ်တွင် ရောက်ရှိနေသည်။

မြင့်တက်လာသောတင်းမာမှုများအကြား တရုတ်နိုင်ငံက သမိုင်းဝင်မြေပုံများအရ တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးသည် ၎င်း၏ပိုင်နက်ဖြစ်သည်ဟုဆိုသည်။သို့သော် အဆိုပါတောင်းဆိုမှုသည် နိုင်ငံတကာဥပဒေနှင်မကိုက်ညီကြောင်း ထောက်ပြသည့်အာဆီယံနိုင်ငံအချို့နှင့်လည်းသဘောထားကွဲလွဲလျက်ရှိသည်။

ဝမ်၏မိန့်ခွန်းသည် ဘာလီတွင် G20 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ပြီးနောက် ရက်ပိုင်းအကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။G 20 အစည်းအဝေးအပြင် ဝမ်ယိနှင့်ကန်နိုင်ငံခြားရေးဝန်ကြီးတို့သည် သီးသန့်တွေ့ဆုံကာ ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့ကြ‌သေးသည်။

ထိုဆွေး‌နွေးပွဲတွင် နှစ်ဘက်စလုံးမှအပြုသဘောဆောင်သော အပြန်အလှန်ဆက်ဆံမှုများအတွက် စည်းမျဉ်းများချမှတ်ရန်နှင့်အာရှ-ပစိဖိတ်ဒေသဆိုင်ရာဝါဒကိုပူးပေါင်းထိန်းသိမ်းရန် ဘလင်ကန်အား ဝမ်ကတနင်္လာနေ့တွင်ပြောကြားခဲ့သည်။

အာဆီယံဗဟိုချုပ်ကိုင်မှုကိုပံ့ပိုးရန် အဓိကအချက်များမှာ “လက်ရှိဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု မူဘောင်ကို ထိန်းသိမ်းရန်၊တစ်ဦးကိုတစ်ဦးစွက်ဖက်ကာ ရန်လိုနေမည့်အစား အာရှ-ပစိဖိတ်ဒေသရှိ တရားဝင်အခွင့်အရေးများနှင့် အကျိုးစီးပွားများကို လေးစားလိုက်နာရန်” တို့ပင်ဖြစ်သည် ဟု Wang ကပြောကြားခဲ့သည်။

ယင်းနောက်ထိုင်ဝမ်နှင့်ပက်သတ်၍ မေးမြန်းရာတွင် တရုတ်က ကန်ဝန်ကြီးအား “အမေရိကန်အနေဖြင့် ၎င်း၏တရုတ်တစ်ပြည်တည်းမူဝါဒ (One China Policy)ကို ပုံဖျက်ပြီး တရုတ်၏ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်ယှက်ရန် ထိုင်ဝမ်ကတ်ကို ထုတ်ကစားရန်ကြိုးစားနေခြင်းသာဖြစ်သည်” ဟုတုံ့ပြန်ပြောကြားခဲ့သည်။

ပြီးခဲ့သည့်လအနည်းငယ်အတွင်း ထိုင်ဝမ်ရေလက်ကြားတွင် တရုတ်စစ်တပ်မှ လေကြောင်းမစ်ရှင်များထပ်ခါထပ်ခါပြုလုပ်ခဲ့၍ တရုတ်နှင့်ထိုင်ဝမ်အကြားတင်းမာမှုလည်းမြင့်တက်လာခဲ့သည်။

တရုတ်သည်ထိုင်ဝမ်အား ၎င်း၏အလေးထားရသော ပိုင်နက်တစ်ခုအဖြစ် သတ်မှတ်ထားခြင်းဖြစ်ရာ ပြန်လည်ပေါင်းစည်းနိုင်ရန်သာ အင်အားသုံး၍ ကြိုးစားမည်ဖြစ်ပြီး မည်သည့်အခါမှလက်လွှတ်မည်မဟုတ်ပေ။

ထို့ကြောင့် ကန်နိုင်ငံခြားရေးဝန်ကြီးက “ဤအချက်ကိုကြည့်ခြင်းအားဖြင့် တရုတ်သည် ၎င်း၏ တရုတ်တစ်ပြည်တည်းမူဝါဒ (One China Policy) ကိုသာ အာရုံထားဆဲဖြစ်ပြီး ထိုင်ဝမ်အတွက်လွတ်လပ်ရေးကို တွန်းအားပေးမည်မဟုတ်သော်လည်း အမေရိကန်အနေဖြင့်မူထိုင်ဝမ်အား  အမေရိကန် – ထိုင်ဝမ်ဆက်ဆံရေး အက်ဥပဒေအရ ကာကွယ်ရန်နည်းလမ်းများ ပံ့ပိုးပေးရန်လိုအပ်သည်” ဟုပြန်လည်တုံ့ပြန်ပြောဆိုခဲ့သည်။

“ထိုင်ဝမ်ရေလက်ကြားမှာရှိတဲ့ ဒေသနှစ်ခုဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖွံ့ဖြိုးတိုးတက်လာမှာပါ၊ တကယ်လို့တရုတ်နိုင်ငံရဲ့ အခြေခံမူကို နိုင်လိုမင်းထက်စိန်ခေါ်ဖျက်ဆီးတာမျိုး လုပ်လာမယ်ဆိုရင်တော့အဲ့ဒီ‌ဒေသတစ်လျှောက်ဟာ ငြိမ်းချမ်းဖို့နေနေသာသာ မမျှော်လင့်ထားတာတွေပါဖြစ်လာလိမ့်မယ်” ဟုဝမ်ကပြောကြားခဲ့သည်။

Source – Reuters/ac


LEAVE A REPLY

Please enter your comment!
Please enter your name here