တရုတ်နိုင်ငံတွင် အပူလှိုင်းများကြောင့် အနီ​ရောင်သတိ​ပေးချက်အဆင့်ထုတ်ထားရ

0
136

တရုတ်နိုင်ငံတွင် အပူလှိုင်းများကြောင့် အနီ​ရောင်သတိ​ပေးချက်အဆင့်ထုတ်ထားရ

ပေကျင်း၊ ဇူလိုင် ၁၂ ရက်

တရုတ်နိုင်ငံ၏ စီးပွားရေးမြို့တော် ရှန်ဟိုင်း အပါအဝင် မြို့များစွာ၌ ပုံမှန်မဟုတ်သော ရာသီဥတုပူပြင်းမှုကြောင့် လမ်းများခုံးတက်လာခြင်း၊ ခေါင်မိုးကြွေပြား​အောက်ခံများပါ အရည်ပျော်ကာ ပေါက်ပြဲခဲ့ရကြောင်း သိရသည်။

 ရှန်ဟိုင်းအပါအဝင် မြို့ပေါင်း ၈၆ မြို့တွင် အပူချိန်နှင့် ပတ်သက်၍ အဆင့်သုံးဆင့်ပါဝင်သည့် သတိပေးစနစ်တွင် အမြင့်ဆုံးဖြစ်သည့် အနီရောင်သတိပေးချက်အဆင့်ကို ထုတ်ပြန်ထားသည်။ 

အဆိုပါ အဆင့်သည် လာမည့် ၂၄ နာရီအတွင်း အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်(၁၀၄ ဖာရင်ဟိုက်) ထက်ပို၍ မြင့်တက်လာမည်ကို ညွှန်ပြနေခြင်းဖြစ်သည်။ ထို့ကြောင့် ဆောက်လုပ်ရေးနှင့် အခြားပြင်ပလုပ်ငန်းများကိုပါ ရပ်ဆိုင်းထားရသည်။


ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် ရင်ဆိုင်နေရဆဲဖြစ်သည့် ရှန်ဟိုင်းရှိ လူဦးရေ ၂၅ သန်းကိုလည်း ယခုအပတ်အတွင်း ရာသီဥတုပူပြင်းလာမည်ဖြစ်၍ ကြိုတင်ပြင်ဆင်ထားရန် သတိပေးထားသည်။ မှတ်တမ်းများအရ ရှန်ဟိုင်းသည် ၁၈၇၃ ခုနှစ်တွင် ၄၀ ဒီဂရီစင်တီဂရိတ်ထက်ကျော်သော အပူချိန်ကို ၁၅ ရက် ခံခဲ့ရကြောင်း သိရသည်။

ကျန်းရှီး ပြည်နယ်တောင်ပိုင်းရှိ မြို့တစ်မြို့၌ အပူရှိန်ပြင်းထန်မှုကြောင့် လမ်းအချို့တွင် အနည်းဆုံး ၁၅ စင်တီမီတာအထိ ခုံးတက်သွားကြောင်း နိုင်ငံပိုင် ရုပ်မြင်သံကြားမှ ပြသခဲ့သည်။

တရုတ်နိုင်ငံ၌ နွေရာသီတွင် အပူချိန်အမြင့်ဆုံး ပြည်နယ်သုံးခုထဲမှ တစ်ခုဖြစ်သည့် နန်းကျင်းသည် ၎င်း၏ ဝိုင်ဖိုင်၊ စာအုပ်များ၊ ရေစင်များနှင့် မိုက်ခရိုဝေ့မီးဖိုများပင် တပ်ဆင်ထားသော မြေအောက်ကတုတ်ကျင်းများကို တနင်္ဂနွေ့ကတည်းက စတင်ဖွင့်ထားပေးခဲ့သည်။

ချုန်ရှင်း ပြည်နယ်ရှိ ပြတိုက်တစ်ခု၏ ခေါင်းမိုးသည် တရုတ်ရိုးရာ အမိုးအုတ်ကြွပ်များဖြင့် ပြုလုပ်ထားရာ အပူရှိန်ကြောင့်၎င်း၏ အောက်ခံ ကတ္တရားစေးများ အရည်ပျော်ကျခဲ့ကြောင်း သိရသည်။

Source: Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here