အင်ဒိုမှမလေးရှားသို့ ရွှေ့ပြောင်းလုပ်သား စေလွှတ်မှုယာယီရပ်ဆိုင်း

0
288

အင်ဒိုမှမလေးရှားသို့ ရွှေ့ပြောင်းလုပ်သား စေလွှတ်မှုယာယီရပ်ဆိုင်း

ကွာလာလမ်ပူ၊ဇူလိုင် ၁၃

စိုက်ပျိုးရေးကဏ္ဍအတွက် ပို့​ဆောင်မည့်လုပ်သားတစ်ထောင်ကျော်အပါအဝင် မလေးရှားသို့ အင်ဒိုလုပ်သားများစေလွှတ်ခြင်းကို ယာယီရပ်ဆိုင်းလိုက်ကြောင်း အင်ဒိုအစိုးရက ဇူလိုင် ၁၃ ရက် ဗုဒ္ဓဟူးနေ့တွင်ကြေငြာခဲ့သည်။အင်ဒိုနှင့်မလေး နှစ်နိုင်ငံကြားချုပ်ဆိုထားသော အလုပ်သမားခေါ်ယူရေး သဘောတူညီချက်ကိုချိုးဖောက်မှုကြောင့်ဖြစ်သည်ဟု ဆိုသည်။

ယခုကဲ့သို့ လုပ်သားစေလွှတ်မှု ရပ်ဆိုင်းလိုက်ခြင်းကြောင့် ကမ္ဘာ့ဒုတိယအကြီးဆုံး စားအုန်းဆီထုတ်လုပ်သူဖြစ်သည့် မလေးရှားနိုင်ငံတွင်လုပ်သား ၁.၂ သန်းခန့် ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရပြီး စီးပွားရေးပြန်လည်ဦးမော့လာမှုကို ဟန့်တားနိုင်သည့်နောက်ဆုံးထိုးနှက်ချက်တစ်ခုဖြစ်လာသည်။

မလေးရှားနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ်ကြီး Hermono က မလေးရှား လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များသည် လူကုန်ကူးမှုနှင့် အဓမ္မလုပ်အားပေးခိုင်းစေမှုများနှင့်ဆက်နွယ်နေသည့် အွန်လိုင်းအိမ်အကူများစုဆောင်းရေးစနစ်ကို ဆက်လက်အသုံးပြုနေသဖြင့် ယခုလိုခေတ္တရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း Reuters သို့ပြောကြားခဲ့သည်။

အဆိုပါစနစ် ဆက်လက်လည်ပတ်နေမှုသည် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့အကြား ဧပြီလတွင်ချုပ်ဆိုခဲ့သော သဘောတူညီချက်ပါစည်းကမ်းချက်များကို ချိုးဖောက်ခဲ့ခြင်းဖြစ်‌‌သောကြောင့် ယခုလိုလုပ်သားစေလွှတ်မှုရပ်ဆိုင်းကာ မလေးရှားအိမ်များတွင် အလုပ်လုပ်ကိုင်နေသော အိမ်အကူအလုပ်သမားများအား အကာအကွယ်ပေးနိုင်ရေး ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်ထားကြောင်း Hermono ကပြောသည်။

မလေးရှား လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး Saravanan က အင်ဒိုနီးရှားအာဏာပိုင်များထံမှ လုပ်သားစေလွှတ်မှုရပ်ဆိုင်းခြင်းနှင့်ပတ်သက်သည့် အကြောင်းကြားစာတစ်စောင် လက်ခံရရှိကြောင်းအတည်ပြုခဲ့သည်။ထို့‌ကြောင့် ယခုကိစ္စအပေါ် လူဝင်မှုကြီးကြပ်ရေးဌာနကို ကြီးကြပ်သော ပြည်ထဲရေးဝန်ကြီးဌာနနှင့် ဆွေးနွေးမည်ဟု ၎င်းက Reuters သို့ပြောခဲ့သည်။

မလေးရှားကုမ္ပဏီများသည် အလုပ်သမားများအတွက် လျှောက်လွှာပေါင်း ၂၀,၀၀၀ ခန့်တင်သွင်းခဲ့ပြီး ထက်ဝက်ခန့်သည် စိုက်ခင်းနှင့်ကုန်ထုတ်လုပ်ငန်းအလုပ်အကိုင်များအတွက်ဖြစ်ကြောင်း Hermono ကဆိုသည်။

မလေးရှားနိုင်ငံသည် ဒေသခံများမလုပ်လိုသော စက်ရုံနှင့်စိုက်ခင်းလုပ်သားလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် အင်ဒိုနီးရှား ၊ ဘင်္ဂလားဒေ့ရှ် နှင့် နီပေါတို့မှလာသော နိုင်ငံခြားလုပ်သားသန်းပေါင်းများစွာအ‌ပေါ်မှီခိုနေရသည်။

ကပ်ရောဂါကြောင့် လုပ်သားခေါ်ယူခွင့်ပိတ်ပင်မှုအား ဖေဖော်ဝါရီလတွင်ရုပ်သိမ်းလိုက်သော်လည်း အစိုးရ၏ခွင့်ပြုချက်နှေးခြင်းနှင့် သက်ဆိုင်ရာနိုင်ငံများမှ ဝန်ထမ်းအကာအကွယ်ပေးရေးဆိုင်ရာ နှစ်ရှည်လများဆွေးနွေးမှုများကြောင့် အလုပ်သမားများ မလေးရှားသို့သိသိသာသာပြန်လာနိုင်ခြင်းမရှိသေးပေ။

မကြာသေးမီနှစ်များအတွင်းက ရွှေ့ပြောင်းအလုပ်သမားများအပေါ်ဆက်ဆံမှုနှင့် လွန်ခဲ့သည့်နှစ်နှစ်ခန့်က “အဓမ္မလုပ်အားပေးခိုင်းစေမှု” ကြောင့်အမေရိကန်ကတားမြစ်ထားသည့် မလေးရှားကုမ္ပဏီခုနစ်ခုနှင့်ပတ်သက်၍လည်း စိုးရိမ်မှုများမြင့်တက်​နေခဲ့သည်။

Source – Reuters/rj


LEAVE A REPLY

Please enter your comment!
Please enter your name here