ဓာတ်အားချွေတာသုံးစွဲခြင်းဖြက့် ရုရှား၏ သဘာဝဓာတ်ငွေ့ဖြတ်တောက်မှုကို တောင့်ခံထားပါဟုပြင်သစ်သမ္မတဆို

0
246

ဓာတ်အားချွေတာသုံးစွဲခြင်းဖြက့် ရုရှား၏ သဘာဝဓာတ်ငွေ့ဖြတ်တောက်မှုကို တောင့်ခံထားပါဟုပြင်သစ်သမ္မတဆို

ပဲရစ်၊ ဇူလိုင် ၁၄

ဇူလိုင်လ ၁၄ ရက် ကြာသပတေးနေ့တွင် ပြင်သစ်သမ္မတမက်ခရွန် သည် ၎င်း၏ပြည်သူများအား ဓာတ်အားချွေတာသုံးစွဲခြင်းဖြင့် ရုရှား၏သဘာဝဓာတ်ငွေ့ ဖြတ်တောက်ထားမှုအတွက် ကြိုတင်ပြင်ဆင်ထားရန်သတိပေးခဲ့သည်။

ပြည်သူများအနေဖြင့် မလိုအပ်ပါကမီးများပိတ်ထားခြင်းဖြင့် နိုင်ငံလုံးဆိုင်ရာစွမ်းအင်ချွေတာရေးကဏ္ဍတွင်ပါဝင်ကြရန်လည်းနှိုးဆော်ထားသည်။

ရုရှား၏ယူကရိန်းသို့ထိုးစစ်ဆင်မှုအ‌ပေါ်ပိတ်ဆို့အရေးယူမှုများ၏အကျိုးဆက်များက စွမ်းအင်နှင့်အခြားကုန်စည်များ၏ ဈေးနှုန်းများကိုမြင့်တက်လာခဲ့စေသည်။ထို့ကြောင့်သမ္မတက ပြင်သစ်နိုင်ငံသားများအနေဖြင့် အဆုံးမသတ်​သေးသော ယူကရိန်းစစ်ပွဲအတွက် စားရိတ်ကြီးမြင့်​နေမူကိုတောင့်ခံထားရမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ပြင်သစ်၏ နိုင်ငံတော်အားလပ်ရက်ဖြစ်သည့် Bastille နေ့အထိမ်းအမှတ်ရုပ်မြင်သံကြားအင်တာဗျူးတစ်ခုတွင် ၎င်းက “ဒီစစ်ပွဲဟာ ဆက်ရှိနေဦးမှာမို့ လာမယ့်နွေရာသီ နဲ့ ဆောင်းဦးပေါက်မှာလည်း အရမ်းခက်ခဲနေပါဦးမယ်” ဟုဆိုခဲ့သည်။

“ရုရှားဟာအစားအစာ နဲ့ စွမ်းအင်ကို စစ်လက်နက်အဖြစ်အသုံးပြုနေတာဖြစ်ပါတယ်” ဟု မက်ခရွန် ကဆိုပြီး “ရုရှားဓာတ်ငွေ့မပါပဲ သွားရမယ့် အခြေအ‌နေတွေအတွက် ကျွန်တော်တို့ ပြင်ဆင်ထားသင့်ပါတယ်” ဟုလည်းဆိုခဲ့သည်။

အစိုးရအနေဖြင့်လည်း ညအချိန်တွင်ပြည်သူများအသုံးပြုရန်မလိုသော အများသုံးမီးများကိုပိတ်ခြင်းဖြင့် စတင်မည့်စွမ်းအင် ချွေတာထိန်းသိမ်းရေး “sobriety plan” ကို ပြင်ဆင်ထားမည်ဖြစ်ကြောင်း၎င်းက ဆိုသည်။

ပြင်သစ်သည် ဓာတ်ငွေ့ရင်းမြစ်များကို နေရာအမျိုးမျိုးမှ ဆက်လက်ရှာဖွေသွားမည်ဖြစ်ပြီး လက်ရှိအကျပ်အတည်းကို ကြံ့ကြံ့ခံနိုင်ရန် ကမ်းလွန်လေတာဘိုင်စနစ်များသို့ လျင်မြန်စွာကူးပြောင်းခြင်းနှင့် ဥရောပနယ်စပ်ဖြတ်ကျော်စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်ရန် တောင်းဆိုထားကြောင်းလည်း၎င်းကပြောကြားခဲ့သည်။

မက်ခရွန်၏ နိုင်ငံရေးပြိုင်ဘက်များကမူ ယူကရိန်းမှ တပ်ဖွဲ့များကိုရုပ်သိမ်းဖို့ ရုရှားသမ္မတဗလာဒီမာပူတင်အား စည်းရုံးရန်ပျက်ကွက်ခြင်း၊ ပြင်သစ်စားသုံးသူများ၏ ဝယ်ယူမှုစွမ်းအားကိုလျော့ကျခြင်းများဖြစ်‌ပေါ်စေသည့် EU ၏ ပိတ်ဆို့အရေးယူမှုများကို အပြစ်တင်ကြသည်။

“ကျွန်တော်တို့ကို ဘာလုပ်စေချင်ပါသလဲ” ဟု၎င်းက ကိုယ်တိုင်မေးခွန်းထုတ်ပြီး “ဒီစစ်ပွဲမှာဝင်မပါဘဲ ဒီစစ်ပွဲကိုပြီးဆုံးစေချင်ပါတယ်၊တစ်ဆက်တည်းမှာပဲ ယူကရိန်းအနေနဲ့လည်း သူ့ရဲ့ပိုင်နက်နယ်မြေကိုလက်မလွှတ်ရအောင်၊ရုရှားကအနိုင်မရသွားအောင် အရာအားလုံးလုပ်ပေးချင်ပါတယ်၊ဒါပေမယ့် ကမ္ဘာစစ်ကိုတော့အလိုမရှိပါဘူး” ဟု ၎င်းဘာသာပြန်လည်ဖြေကြားခဲ့သည်။

Source – ABC News


LEAVE A REPLY

Please enter your comment!
Please enter your name here