စင်္ကာပူသို့ ရောက်ရှိပြီးနောက် ရာထူးမှ နုတ်ထွက်စာတင်ခဲ့သည့် သီရိလင်္ကာသမ္မတ ဂိုတာဗျာ ရာဂျားပါစကာ

0
93

စင်္ကာပူသို့ ရောက်ရှိပြီးနောက် ရာထူးမှ နုတ်ထွက်စာတင်ခဲ့သည့် သီရိလင်္ကာသမ္မတ ဂိုတာဗျာ ရာဂျားပါစကာ

ကိုလမ်ဘို၊ ဇူလိုင် ၁၄ ရက်

သီရိလင်္ကာသမ္မတ ရာဂျားပါစကာ သည် ဇူလိုင်လ ၁၄ ရက် ကြာဿပတေးနေ့၌ စင်္ကာပူသို့ လေယာဉ်ဖြင့် ရောက်ရှိပြီး မကြာမီတွင် ၎င်း၏ရာထူးမှ နုတ်ထွက်စာကို အီးမေးလ်မှ တစ်ဆင့် တင်သွင်းခဲ့ကြောင်း ပါလီမန်၏ ပြောရေးဆိုခွင့်ရှိသူ ရုံးက ပြောကြားခဲ့သည်။

ဂိုတာဗျာ ရာဂျားပါစကာ၏ အီးမေးလ်ဖြင့် နုတ်ထွက်စာကို တရားဝင်ကြေငြာခြင်း မပြုမီ ဦးစွာ စစ်မှန်မူနှင့်တရားဝင်မူတို့အတွက် စစ်ဆေးပြီး သောကြာနေ့၌ တရားဝင်ကြေငြာရန် မျှော်လင့်ထားသည်ဟု ပါလီမန်၏ ပြောရေးဆိုခွင့်ရှိသူ အင်ဒူနီလ် ရာပါ ကဆိုသည်။

ရာဂျားပါစကာသည် ဆန္ဒပြသူများ ၎င်း၏သမ္မတအိမ်တော်ကို ဝင်ရောက်စီးနင်းပြီးနောက်ပိုင်း ဗုဒ္ဓဟူးနေ့တွင် မော်လ်ဒိုက်သို့ ဦးစွာ သိမ်းရှောင်သွား၍ ယခုအခါ ၎င်း၏ဇနီးနှင့် သက်တော်စောင့်နှစ်ဦး အပါအဝင် Saudia လေကြောင်းလိုင်းဖြင့် မာလေမြို့ မှ စင်္ကာပူသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ရာဂျားပါစကာ သည် သီရိလင်္ကာ၌ ၁၉၇၈ ခုနှစ်တွင် သမ္မတစနစ် စတင်ကျင့်သုံးပြီးနောက်ပိုင်း ပထမဆုံးနုတ်ထွက်သည့် သမ္မတဖြစ်လာမည်ဖြစ်သည်။

သီရိလင်္ကာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါလီမန်က သမ္မတအသစ် ခန့်အပ်နိုင်ခြင်းမရှိသည့်တိုင် ဝန်ကြီးချုပ် ရာနီလ် ဝစ်ကရီမီရှင်း သည် အလိုအလျောက် ယာယီသမ္မတာ အဖြစ် တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။

အဆိုပါ ဝစ်ကရီမီရှင်း သည်လည်း ၎င်း၏ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ရန် ဆန္ဒပြသူများ၏ တောင်းဆိုခြင်းခံထားရသူဖြစ်သည်။

စင်္ကာပူနိုင်ငံခြားရေး ဝန်ကြီးဌာနက ရာဂျားပါစကာအား ပုဂ္ဂလိက ခရီးစဉ် အနေဖြင့်သာ မြို့တွင်းသို့ ဝင်ရောက်ခွင့်ပြုခဲ့ကြောင်း၊ ၎င်းထံမှ ခိုလှုံခွင့်တောင်းခံခြင်း မရှိသေးသလို ခိုလှုံခွင့်လည်း ပေးမည်မဟုတ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

၎င်းသည် စင်ကာပူတွင် အချိန်အတန်ကြာနေထိုင် ပြီး​နောက် UAE သို့ပြောင်းရွှေ့လိမ့်မည်ဟု သီရိလင်္ကာ လုံခြုံရေး သတင်းရင်းမြစ်များအရသိရသည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here