တိုးတက်မှုကိုမထိခိုက်‌‌ စေဘဲ ငွေကြေးဖောင်းပွမှုကို လျှော့ချရန် G 20 ဝန်ကြီးများ အလေးပေးဆောင်ရွက်မည်

0
157

တိုးတက်မှုကိုမထိခိုက်‌‌ စေဘဲ ငွေကြေးဖောင်းပွမှုကို လျှော့ချရန် G 20 ဝန်ကြီးများ အလေးပေးဆောင်ရွက်မည်

နိုဆာဒူဝါ(အင်ဒို)၊ဇူလိုင် ၁၅

ယူကရိန်းနှင့်ရုရှားစစ်ပွဲကြောင့် ဖြစ်ပေါ်နေသော ကမ္ဘာ့ငွေကြေးဖောင်းပွမှုအား ထိန်းချုပ်ရန် နည်းလမ်းများကိုဆွေးနွေးရန် အဓိကအင်အားကြီး နိုင်ငံ ၂၀ အုပ်စု( G 20)မှဘဏ္ဍာရေးအကြီးအကဲများသည် သောကြာနေ့ကဘာလီတွင် နှစ်ရက်ကြာတွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ငွေကြေးဖောင်းပွမှုကြောင့် စားနပ်ရိက္ခာနှင့်စွမ်းအင်ဈေးနှုန်းများအပေါ် သက်ရောက်မှုရှိသဖြင့် ဂျပန်ဘဏ္ဍာရေးဝန်ကြီး ရှုနိချိဆူဇူကီးအပါအဝင် G-20 ဝန်ကြီးများနှင့် ဗဟိုဘဏ်အကြီးအကဲများသည် အင်ဒိုနီးရှားနိုင်ငံစည်းဝေးပွဲ၌ စီးပွားရေးကျဆင်းမှုရန်မှကာကွယ်‌ရေးညှိနှိုင်းဆောင်ရွက်ရန် ကြိုးပမ်းလျက်ရှိကြသည်။

ဆူဇူကီးနှင့်အတူ ဂျပန် ဗဟိုဘဏ် ဥက်ကဌ ဟာရုဟိကိုကူရိုဒါ နှင့် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဂျနက်ရယ်လန်တို့လည်း ပါဝင်ဆွေးနွေးခဲ့ကြပြီး ရုရှားဘဏ္ဍာရေးဝန်ကြီး အန်တွန်ဆူဝမ်နာလည်း အဝေးမှ ပါဝင်ဆွေးနွေးခဲ့ကြောင်း G-20 သတင်းရင်းမြစ်တစ်ခုမှသိရသည်။

ယူကရိန်းဘဏ္ဍာရေးဝန်ကြီး ဆာဟီးမာချန်ကိုး ကိုလည်းစည်းဝေးပွဲသို့ ဖိတ်ကြားထားကြောင်း အင်ဒိုနီးရှားဘဏ္ဍာရေးဝန်ကြီး ဌာနကပြောကြားခဲ့သည်။

အစည်းအဝေးအစတွင် အင်ဒိုနီးရှားဘဏ္ဍာရေးဝန်ကြီး သီရိမူလျာနီအင်ဒရာဝတီက ယူကရိန်းစစ်ပွဲနှင့် နောက်ဆက်တွဲ ကုန်စည်ဈေးနှုန်းများ မြင့်တက်မှုသည် ကမ္ဘာလုံးဆိုင်ရာ ငွေကြေးဖောင်းပွမှုကို ပိုမိုဆိုးရွားစေပြီး လူမှုရေးမတည်ငြိမ်မှုများကို ပို၍တိုးပွားလာစေသည်ဟု ပြောကြားခဲ့သည်။

“ကျွန်မတို့ဟာ ခိုင်မာတဲ့လုပ်ဆောင်ချက် တွေကို ဖော်ဆောင်ဖို့လိုအပ်ပြီး ပူးပေါင်းဆောင်ရွက်မှုနဲ့ညီ ညွတ်မှုစိတ်ဓာတ် တွေကိုလည်း ပြသဖို့လိုအပ်ပါတယ်”ဟု သူကဆိုခဲ့သည်။ဘဏ္ဍာရေးအကြီးအကဲများသည် ကမ္ဘာ့စီးပွားရေးစနစ်ရင်ဆိုင်နေရသည့် အခက်အခဲများကိုသာမက ရေရှည်တည်တံ့ခိုင်မာပြီးအားလုံးပါဝင်ကာ ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုရရှိရေးကိုလည်း အာရုံစိုက်သွားမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ရုရှား – ယူကရိန်းအရေးအပေါ် သဘောထားကွဲလွဲမှုများရှိ‌‌ေနသောကြောင့် G-20 အဖွဲ့ဝင်များသည်အစည်းအဝေးအတွင်း ပူးတွဲကြေညာချက်ကို သဘောတူညီမှုရမရ မသေချာသေးပေ။ဧပြီလက၎င်းတို့၏ယခင်အစည်းအဝေး၌လည်း ပူးတွဲကြေညာချက်ကိုမထုတ်ပြန်နိုင်ခဲ့ပေ။

ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်နှင့် အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂစသည့် G 7 နိုင်ငံတို့သည် ဖေဖော်ဝါရီလနှောင်းပိုင်း စစ်ပွဲစတင်ကတည်းက ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့ပြီး၊ ဘရာဇီးအပါအဝင် အခြားထွန်းသစ်စနိုင်ငံအချို့၊ တရုတ်နှင့် အိန္ဒိယတို့သည် မော်စကိုအပေါ် ဖိအားပေးရန်လက်ရှောင်နေခဲ့ကြသည်။

G-20 ဆွေးနွေးပွဲကိုမတက်ရောက်မီ ဆူဇူကီး နှင့် ရယ်လန်တို့သည် တိုကျိုတွင် ဆွေးနွေးခဲ့ကြပြီး ရုရှားကြောင့် အစားအစာနှင့် စွမ်းအင်စျေးနှုန်းများ မြင့်မားလာစေကာ ငွေလဲနှုန်းမတည်ငြိမ်မှုကိုဖြစ်စေသည်ဟုအပြစ်တင်ခဲ့သည်။

ယူကရိန်းနှင့်ရုရှားတို့သည် ကမ္ဘာလုံးဆိုင်ရာ ဂျုံတင်ပို့မှု၏ ၃၀ ရာခိုင်နှုန်းနီးပါးအရေးပါကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ထံမှသိရသည်။

အစည်းဝေး၌ပါ၀င်သူများသည် ၀င်ငွေနည်းသောနိုင်ငံများရှိ ဘဏ္ဍာရေးရန်ပုံငွေပြင်ဆင်မှုအသစ်နှင့် တုံ့ပြန်မှုဆိုင်ရာ သီးခြားအသေးစိတ်အချက်အလက်များကို ဆွေးနွေးရန်လည်းမျှော်လင့်ကြောင်းသိရှိရသည်။အဆိုပါအစီစဥ်ကို G-20 ဘဏ္ဍာရေးအကြီးအကဲများသည် ကပ်ရောဂါကာကွယ်ရေးရည်ရွယ်ချက်အတွက် ကမ္ဘာ့ဘဏ်တွင် တည်ထောင်ရန်သဘောတူညီခဲ့ကြခြင်းဖြစ်သည်။

ဆွေးနွေးပွဲအတွက် အခြားအစီအစဉ်များတွင် အမေရိကနှင့်ကျန်အဆင့်မြင့်နိုင်ငံများ၏ ငွေကြေးကျပ်တည်းမှုကြောင့် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးသက်ရောက်မှုအပြင် သီရိလင်္ကာအပါအဝင်ဆင်းရဲသောနိုင်ငံများအတွက် စီးပွားရေးကျဆင်းမှုကြောင့် ကြွေးမြီသက်သာခွင့်များ ပါဝင်ဖွယ်ရှိကြောင်းလည်းသိရှိရသည်။

ယခုလအစောပိုင်းတွင် IMF မှ “G-20 Surveillance Note” ဟု အမည်ပေးထားသော အစီရင်ခံစာကိုထုတ်ပြန်ခဲ့ပြီး “ငွေကြေးဖောင်းပွမှုမြင့်မားနေချိန်တွင် ကမ္ဘာ့စီးပွားရေးသုံးသပ်ချက်မှာသိသိသာသာ မှေးမှိန်သွားခဲ့သည်”ဟုဖော်ပြထားသည်။

ဧပြီလတွင် IMF သည် ၂၀၂၂ နှင့် ၂၀၂၃ ခုနှစ်အတွက် ၎င်း၏ကမ္ဘာလုံးဆိုင်ရာတိုးတက်မှုခန့်မှန်းချက်ကို ၃ ဒသမ ၆ ရာခိုင်နှုန်းသို့ပြန်လည်ပြင်ဆင်ခဲ့ပြီး ယူကရိန်းစစ်ပွဲ၏ဆိုးကျိုးများနှင့် တရုတ်နိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသည့်တိုးတက်မှုနှေးကွေးခြင်းများကိုနမူနာပြသခဲ့သည်။

IMF အကြီးအကဲ Kristalina Georgieva က ငွေကြေးဖောင်းပွမှု မြင့်မားခြင်းသည် ကပ်ရောဂါကြောင့် ပြန်နာလန်ထူလာခါစရှိသေးသည့် လူနေမှုအဆင့်အတန်းကို ပိုမိုဆိုးရွားလာစေနိုင်ကြောင်း ထောက်ပြခဲ့ပြီး G-20 ဦးဆောင်သော နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကိုတောင်းဆိုခဲ့သည်။

G-20 တွင် G-7 အဖွဲ့ဝင်များအပြင် အာဂျင်တီးနား၊ သြစတြေးလျ၊ ဘရာဇီး၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မက္ကဆီကို၊ ရုရှား၊ ဆော်ဒီအာရေဗျ၊ တောင်အာဖရိက၊ တောင်ကိုရီးယားနှင့် တူရကီတို့လည်းပါဝင်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here