ရူပီးဖြင့်ပေးချေနိုင်မှုက ရုရှားနှင့်ကုန်သွယ်မှုကို အထောက်အကူဖြစ်နိုင်

0
166

ရူပီးဖြင့်ပေးချေနိုင်မှုက ရုရှားနှင့်ကုန်သွယ်မှုကို အထောက်အကူဖြစ်နိုင်

အိန္ဒိယဗဟိုဘဏ် (RBI) သည် ပို့ကုန်မြှင့်တင်ရန်နှင့် သွင်းကုန်များ လွယ်ကူချောမွေ့စေရန် ရည်ရွယ်၍ ရူပီးဖြင့် နိုင်ငံတကာကုန်သွယ်ရေး‌ငွေပေးချေမှုယန္တရားအသစ်ကို ယခုအပတ်တွင်စတင်မိတ်ဆက်ခဲ့သည်။

ပြည်တွင်းသုံးငွေကြေးကို နိုင်ငံတကာတွင် မြှင့်တင်သုံးစွဲခြင်းအပြင် ပို့ကုန်လုပ်ငန်းရှင်များနှင့် စီးပွားရေးပညာရှင်အများအပြားက အဆိုပါစနစ်ကို ရုရှားနှင့် အီရန်တို့ကဲ့သို့သော အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူခံ‌​​ နေရသောနိုင်ငံများနှင့် ကုန်သွယ်မှုမြှင့်တင်ရန် နည်းလမ်းအဖြစ် ရှုမြင်ကြသည်။

မော်စကိုသည် အိန္ဒိယ၊ အီရန်၊ အီဂျစ်အပါအဝင် အခြားနိုင်ငံအချို့နှင့် ကုန်သွယ်မှုဆိုင်ရာ လွှဲပြောင်းမှုများတွင် ဒေါ်လာနှင့် ယူရိုများကို ဖယ်ရှားနိုင်မည့်နည်းလမ်းကို ဆွေးနွေးလျက်ရှိသည်။

နိုင်ငံတကာ ကုန်သွယ်‌ရေး၌ ရူပီး ဖြင့်ပေးချေ နိုင်ရန်အလို့ငှာ နိုင်ငံခြားဘဏ်တစ်ခုသည် အိန္ဒိယဘဏ်က ခွင့်ပြုထားသောကိုယ်စားလှယ်ဘဏ်မှကိုင်ဆောင်ထားသည့် Vostro အကောင့်တစ်ခုကိုဖွင့်လှစ်ရန်လိုအပ်သည်။

ရေနံ သို့မဟုတ် ကျောက်မီးသွေးကဲ့သို့သော ကုန်ပစ္စည်းများ ကိုအိန္ဒိယသို့ တင်သွင်းသူများသည် အဆိုပါအကောင့်များသို့ ရူပီးဖြင့်ငွေပေးချေမည်ဖြစ်သည်။ ထို့ကြောင့် အကောင့်ထဲရှိငွေများကို အိန္ဒိယမှပြည်ပသို့တင်ပို့သူများကလည်း ပြည်တွင်းသုံးငွေဖြင့် ပေးချေရန်အသုံးပြုနိုင်သည်။

Vostro အကောင့်များမှပိုလျှံငွေများကို အစိုးရငွေချေးစာချုပ်များတွင် ရင်းနှီးမြှုပ်နှံရန်နှင့် စီမံချက်ရင်းနှီးမြှုပ်နှံမှုများအတွက်ပေးချေမှုများကို အသုံးပြုနိုင်ကြောင်း RBI ကပြောကြားခဲ့သည်။
RBI ၏ လုပ်ဆောင်ချက်သည် ဒဏ်ခတ်ပိတ်ဆို့ခံရသော နိုင်ငံများနှင့် ကုန်သွယ်မှုကို အထောက်အကူဖြစ်စေမည်ဟု ပို့ကုန်လုပ်ငန်းရှင်များကပြောသည်။အထူးသဖြင့် ငွေကြေးများကိုအသုံးပြုခွင့်နည်းပါးသည့် ရုရှား၊အီရန်၊အာဖရိကနှင့်တောင်အမေရိကအပါအဝင် အိမ်နီးချင်းသီရိလင်္ကာနိုင်ငံများအတွက်အထောက်ကူဖြစ်စေနိုင်သည်။သို့သော် RBI သည် ယခုစနစ်အသစ်ကို အသုံးပြုနိုင်သည့် နိုင်ငံများကိုမူ အတိအလင်း ကြော်ငြာမပေးခဲ့ပေ။

၂၀၁၂ ခုနှစ်အစောပိုင်းကစတင် မိတ်ဆက်ခဲ့သည့် အဆိုပါစနစ်သစ်ကိုထူထောင်ရန် အိန္ဒိယအစိုးရအား ပို့ကုန်လုပ်ငန်းရှင်များကစည်းရုံးလျက်ရှိသည်။

ကုန်သွယ်ဘက်များ၏ ငွေလဲနှုန်းကို စျေးကွက်က သတ်မှတ်ပေးမည်ဖြစ်ပြီး ငွေပေးချေရန်ရူပီးဖြင့် ဆောင်ရွက်ပေးမည်ဖြစ်သည်။

ဘဏ်များသည် ခရက်ဒစ်ကဒ်များ၊ ဘဏ်အာမခံများနှင့် ကုန်သွယ်မှုဆိုင်ရာ လွှဲပြောင်းမှုများအတွက် ပို့ကုန်လုပ်ငန်းရှင်များအား ကြိုတင်ငွေပေးချေမှုများအတွက်‌ဆောင်ရွက်‌ပေးမည်ဖြစ်သည်။

လက်ရှိတွင် နိုင်ငံတကာငွေပေးချေမှုများအတွက် အများအားဖြင့်အမေရိကန် ဒေါ်လာ၊ ဗြိတိန်ပေါင်၊ ယူရို သို့မဟုတ် ယန်းကဲ့သို့သော နိုင်ငံခြားငွေများဖြင့်သာ ပေးချေနိုင်သည်။နီပေါနှင့်ဘူတန်ကဲ့သို့ အိမ်နီးချင်းနိုင်ငံအချို့အတွက်သာ ရူပီးငွေပေးချေမှုကိုခွင့်ပြုထားသည်။

အိန္ဒိယကုမ္ပဏီများသည် သွင်းကုန်များအတွက် နိုင်ငံခြားငွေဖြင့် ပေးဆောင်လေ့ရှိပြီး ပို့ကုန်လုပ်ငန်းရှင်များက နိုင်ငံခြားငွေဖြင့်ရယူကာ ရူပီးသို့ပြန်လည်ပြောင်းလဲ သုံးစွဲကြသည်။

ကုန်သည်များသည် ရုရှားနှင့်အခြားနိုင်ငံအချို့သို့ အင်ဂျင်နီယာ၊ ဆေးဝါးနှင့် စားနပ်ရိက္ခာ တင်ပို့မှုတိုးမြှင့်နိုင်မည့်စနစ်အသစ်ကိုထောက်ခံခဲ့ပြီး ယခုနှစ်တွင် ရေနံစိမ်းတင်သွင်းမှုကို ဒေါ်လာဘီလီယံအနည်းငယ်ဖြင့် စျေးသက်သာစွာတင်ပို့နိုင်မည်ဟုမျှော်လင့်နေကြသည်။

ရုရှားနိုင်ငံရှိ ဝယ်လက်များနှင့် အဆက်အသွယ်ရှိကြောင်း အချို့သောကုန်သည်များကပြောကြပြီး လာမည့်ရက်များတွင် အဆိုပါစနစ်သစ်အားအသုံးပြုနိုင်ရန် မျှော်လင့်ထားကြောင်းသိရသည်။

၂၀၁၂ ခုနှစ်တွင် ဤစနစ်ကိုကျင့်သုံးမှုက အိန္ဒိယ၏ အီရန်သို့တင်ပို့မှုသည် နှစ်ဆနီးပါးတိုးမြင့်လာခဲ့ကာ အိန္ဒိယကရေနံကိုလျှော့စျေးဖြင့်ရရှိခဲ့သည်။

ယခု RBI ၏ လုပ်ဆောင်ချက်သည် ကုန်စည်တင်သွင်းမှု စျေးနှုန်းကို လျှော့ချခြင်းဖြင့် အိန္ဒိယ၏ ကုန်သွယ်မှုလိုငွေကို သိသိသာသာ လျော့နည်းသွားစေနိုင်သည်။ မကြာမီလများအတွင်း ရုရှားကရေနံစိမ်းတင်သွင်းမှုသည်လည်း မြင့်တက်လာသည်ကို သတိပြုမိကြောင်း လေ့လာသူများကပြောကြားခဲ့သည်။

သို့သော် ကမ္ဘာ့စီးပွားရေးလှုပ်ခတ်မှုများ၊ ပိုင်ဆိုင်မှုနှင့်ငွေလဲနှုန်း မတည်ငြိမ်မှုများကဲ့သို့စီးပွားရေးကို အန္တရာယ် ပေးသောပြည်တွင်းသုံးငွေကို နိုင်ငံတကာအတွက်သုံးစွဲရာတွင် ဂရုတစိုက်လုပ်ဆောင်မည်ဟု အစိုးရတာဝန်ရှိသူများကပြောကြားခဲ့သည်။

Source – Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here