အီးယူက အဇာဘိုင်ဂျန်နှင့် ဓာတ်ငွေ့တင်သွင်းမှုနှစ်ဆတိုးရန်MoUရေးထိုး

0
155

အီးယူက အဇာဘိုင်ဂျန်နှင့် ဓာတ်ငွေ့တင်သွင်းမှုနှစ်ဆတိုးရန်MoUရေးထိုး

ဥရောပကော်မရှင် (အီးယူ)သည် Azeri သဘာဝဓာတ်ငွေ့ တင်သွင်းမှုကိုနှစ်ဆမြှင့်တင်ပြီး ၂၀၂၇ ခုနှစ်အထိတစ်နှစ်လျှင်အနည်းဆုံး ၂၀ ဘီလီယံကုဗမီတာ (bcm) အထိတင်သွင်းရန် အဇာဘိုင်ဂျန်နိုင်ငံနှင့်နားလည်မှုစာချွန်လွှာ (MoU) တစ်ရပ်ကိုလက်မှတ်ရေးထိုးခဲ့သည်။

“ဒီနေ့ နားလည်မှုစာချွန်လွှာအသစ်အရ၊ ရုရှားလောင်စာဆီကနေ ကင်းကင်းနေဖို့ ကြိုးပမ်းမှုမှာ အဓိကပါတနာဖြစ်တဲ့ အဇာဘိုင်ဂျန်နဲ့ စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု စာမျက်နှာသစ်ကို ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်” ဟု ကော်မရှင်ဥက္ကဌ Ursula von der Leyen က တနင်္လာနေ့တွင်ပြောကြားခဲ့သည်။

ရုရှားကယူကရိန်းကိုကျုး‌ ကျော်ပြီးနောက် ဥရောပသမဂ္ဂအနေဖြင့် လောင်စာထောက်ပံ့ပေးနိုင်သည့်ရုရှားမဟုတ်သည့်နိုင်ငံများကိုရှာဖွေလျက်ရှိရာ အဇာဘိုင်ဂျန်နိုင်ငံနှင့်ဓာတ်ငွေ့တင်သွင်းမှုကိုနှစ်ဆတိုးရန်ကြိုးပမ်းလျက်ရှိသည်ဟုဆိုသည်။

မြို့တော် Baku ၌လက်မှတ်ရေးထိုးပွဲအပြီး အဇာဘိုင်ဂျန်သမ္မတ Ilham Aliyev နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် von der Leyen က “အဇာဘိုင်ဂျန်ဟာ ကျွန်မတို့အတွက် အမြဲတမ်းယုံကြည်စိတ်ချရပြီး အရေးပါတဲ့ စွမ်းအင်မိတ်ဖက်နိုင်ငံဖြစ်ပါတယ်” ဟု ဆိုသည်။ 

Trans Adriatic Pipeline မှတဆင့် Azerbaijan သည် “လက်ရှိတွင်တစ်နှစ်လျှင် သဘာဝဓာတ်ငွေ့ ၈ ဘီလီယံကုဗမီတာကျော်ပေးပို့နေပြီး ၂၀၂၇ ခုနှစ်အထိတင်သွင်းမှုကို ၂၀ ဘီလီယံကုဗမီတာ တိုးချဲ့သွားမည်” ဟု သူကပြောကြားခဲ့သည်။

Azeri သဘာဝဓာတ်ငွေ့ တင်သွင်းမှုသည် လာမည့်နှစ်တွင် ၁၂ ဘီလီယံကုဗမီတာအထိ တိုးလာမည်ဖြစ်ပြီး ရုရှား၏ဓာတ်ငွေ့ဖြတ်တောက်မှုကိုအစားထိုးနိုင်မည်ဖြစ်ကာ ဥရောပ၏ထောက်ပံ့မှုလုံလောက်ရေး အတွက် သိသိသာသာအထောက်အကူဖြစ်စေနိုင်လိမ့်မည်ဟု သူကထပ်လောင်းပြေကြားခဲ့သည်။

Aliyev က “ယနေ့စွမ်းအင်လုံခြုံရေး ကိစ္စရပ်များသည် အရင်ကထက်ပိုအရေးကြီးတယ်” ဟု အလေးပေးပြောကြားခဲ့သည်။စွမ်းအင်နယ်ပယ်အတွက် EU နှင့် Azerbaijan အကြား ရေရှည်တည်တံ့ကာယုံကြည်စိတ်ချရသော ပူးပေါင်းဆောင်ရွက်မှုသည် ကြီးမားသောပိုင်ဆိုင်မှုတစ်ခုဖြစ်ကြောင်း ၎င်းကထပ်လောင်းပြောကြားခဲ့သည်။

အီးယူသို့ Azeri ဓာတ်ငွေ့ကို ပို့ဆောင်သည့် Southern Gas Corridor သည် ၂၀၂၀ ခုနှစ်ကတည်းက စတင်လည်ပတ်နေပြီဖြစ်သည်။ဖေဖော်ဝါရီလကစတင်ခဲ့သော ရုရှား – ယူကရိန်းအရေးကြောင့် ပိတ်ဆို့ဒဏ်ခတ်မှုခံခဲ့ရသောရုရှားသည် စွမ်းအင်ကိုစစ်လက်နက်တစ်ခုအဖွယ်အသုံးချလာခဲ့သည်။ထိုသို့အသုံးပြုလာမှုကြောင့် ၎င်းတစ်ဦးတည်းအပေါ်မမှီခိုဘဲ ဖြစ်နိုင်ချေအရှိဆုံးနည်းလမ်းပေါင်းစုံဖြင့် ဓာတ်ငွေ့တင်သွင်းနိုင်မှုသည် ဥရောပသမဂ္ဂအတွက်ဦးစားပေးလုပ်ငန်းတစ်ခုဖြစ်သည် ဟု ခရီးစဉ်မတိုင်မီ ဥရောပကော်မရှင်ကပြောကြားခဲ့သည်။

ယူကရိန်းအရေးနှင့်ပတ်သက်၍ မော်စကိုအပေါ်မကြုံစဖူး ပိတ်ဆို့အရေးယူမှုများ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အီးယူခေါင်းဆောင်များသည် ယခုနှစ်ကုန်တွင် ရုရှားရေနံတင်သွင်းမှု အများစုကို ရပ်တန့်ရန်မေလကသဘောတူညီခဲ့ကြပြီး နောက်တွင် ရုရှားဓာတ်ငွေ့တင်သွင်းမှုကိုပြတ်ပြတ်သားသားကန့်ကွက်ခဲ့ကြသည်။ထိုသို့ကန့်ကွက်ခဲ့ကြသော်လည်း အီးယူ၏ဓာတ်ငွေ့လိုအပ်မှုသည် ၂၀၂၁ ခုနှစ်တွင် ၁၅၅ ဘီလီယံကုဗမီတာသို့မြင့်တက်လာခဲ့ပြီး ထိုပမာဏသည် အီးယူလိုအပ်သည့်ဓာတ်ငွေ့၏ ၄၀ ရာခိုင်နှုန်းနီးပါးရှိသည်။

နိုင်ငံတကာ စွမ်းအင်အေဂျင်စီ ဒါရိုက်တာ Fatih Birol ကလည်း အီးယူအနေဖြင့်နည်းလမ်းပေါင်းစုံသုံးကာ ဓာတ်ငွေ့ရရှိရန်ကြိုးပမ်းစေကာမူ ရုရှားဓာတ်ငွေ့မပါဘဲလာမည့်ဆောင်းကာလကိုဖြတ်ကျော်နိုင်မည်မဟုတ်ကြောင်း တနင်္လာနေ့ကသတိပေးခဲ့သည်။

“ရုရှားမဟုတ်တဲ့တခြားနိုင်ငံတွေက ဓာတ်ငွေ့ရရှိမှုက ရုရှားမှမတင်သွင်းတဲ့ ပမာဏကိုအစားထိုးဖို့ မလုံလောက်လို့သဘာဝဓာတ်ငွေ့‌ေတွမလောက်ငှနိုင်” ဟု Birol က IEA မှထုတ်ဝေသည့်ဆောင်းပါးတွင် ရေးသားခဲ့သည်။

နော်ဝေးနဲ့အဇာဘိုင်ဂျန်နိုင်ငံများမှ ဓာတ်ငွေ့အများဆုံးရရှိပြီး၊မြောက်အာဖရိကမှတင်ပို့မှုပမာဏမမှာပြောင်းလဲဘဲ၊ဥရောပပြည်တွင်းဓာတ်ငွေ့ထုတ်လုပ်မှုက လတ်တလောပမာဏအတိုင်းဆက်လက်ရရှိကာ၊ သဘာဝဓာတ်ငွေ့ရည် ဝင်ရောက်မှုက ယခုနှစ်တွင် ပြုလုပ်ခဲ့သည့်အတိုင်း အလားတူစံချိန်တင်နှုန်းဖြင့်တိုးလာလျှင်ပင် ဓာတ်ငွေ့မလောက်ငှမှုကပြဿနာဖြစ်နေပေလိမ့်ဦးမည် ဟုလည်း၎င်းကဆိုသည်။

Source – Aljerzeera


LEAVE A REPLY

Please enter your comment!
Please enter your name here