ဒေါ်လာဈေး ဂယက်နှင့် ငွေကြေးဈေးကစားမှုများကြောင့် ထိုင်းဘတ်ငွေ ဈေးနှုန်း အဆမတန် မြင့်တက်လာ

0
1039

ဒေါ်လာဈေး ဂယက်နှင့် ငွေကြေးဈေးကစားမှုများကြောင့် ထိုင်းဘတ်ငွေ ဈေးနှုန်း အဆမတန် မြင့်တက်လာ

 

ပြည်တွင်း၌ ဒေါ်လာဈေးကွက် မတည်ငြိမ်မှုနှင့် ကျပ်ငွေ တန်ဖိုး ထိုးကျလာမှု အပါအဝင် နယ်စပ်တွင် ဈေးကစားမှုများရှိနေခြင်းတို့ကြောင့် ထိုင်းဘတ်ငွေ တန်ဖိုးပါ အဆ မတန်မြင့်တက်လာကြောင်း ထိုင်း – မြန်မာ ကုန်သွယ်မှု လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကပင် တရိပ်ရိပ်တက်လာသည့် ထိုင်းဘတ်ငွေဈေးနှုန်းသည် ယနေ့ ဇူလိုင်လ (၂၀) ရက်တွင် (၆၆) ကျပ်ဝန်းကျင်အထိ မြင့်တက်လာကြောင်း ထိုင်း – မြန်မာနယ်စပ် မြဝတီမြို့ ‌ထိုင်းဘတ်ငွေ အရောင်း ဈေးကွက်အတွင်းမှ သိရသည်။

” ဒီမနက်ပေါက်ဈေးက အဝယ်ဈေးက (၆၅) ကျပ်ကျော်ပေါက်ဈေးရှိတယ်။ ဘတ်ပေးကျပ်ယူက (၆၁) ကျပ် ။ ဒါတောင် ဘတ်က ရောင်းဖို့မရှိတော့ဘူး။ ခဏတော့ စောင့်ကြည့်ရဦးမယ်လေ။ ဈေးကစားတဲ့ အကောင်တွေ ခဏတိုင်း အဲဒီလို လျှောက်လုပ်နေကြတာလေဟာ” ဟု မြဝတီမြို့ရှိ ငွေလဲကောင်တာတစ်ခု၏ ပိုင်ရှင် အမျိုးသမီးက ပြောသည်။

ထိုင်း – မြန်မာ နယ်စပ်နှင့် ထိုင်းနိုင်ငံအတွင်းရှိ ငွေကြေးကုန်သည်များ၏ ဈေးကစားမှုများကြောင့် ယခုလို ဈေး နှုန်း မြင့်တက်လာခြင်းဖြစ်ပြီး အချိန်ကာလ တစ်ရောက်ပါက ဈေးပြန်ကျမည်ဟု ခန့်မှန်းကြောင်း ၎င်းက ပြော သည်။

ယခုရက်ပိုင်းအတွင်း ဗဟိုဘဏ်၏ နိုင်ငံခြားငွေ ကန့် သတ် ချက်များအရ ‌ကန်ဒေါ်လာအပါအဝင် ပြည်ပသုံးငွေ ဈေးနှုန်းများ ကမောက်ကမ ဖြစ်နေခြင်း ဖြစ်ပြီး ထိုအထဲတွင် ထိုင်းဘတ်ငွေ ဈေးနှုန်း မြင့်တက်မှုက တစ်ခုအပါ အဝင် ဖြစ်သည်။

ဇူလိုင်လဆန်းပိုင်းအထိ ထိုင်းဘတ်ငွေဈေး နှုန်းမှာ (၅၈) ကျပ်နှင့် (၅၉) ကျပ်ဝန်းကျင် ရှိနေရာမှ ယခုတစ်ပတ်အ တွင်း (၆၁) ကျပ်အထိ မြင့်တက်ခဲ့ရာမှ ယနေ့ပေါက်‌ဈေး (၆၅) ကျပ်အထိ ဆက်လက်မြင့်တက်လာခြင်းဖြစ် ကြောင်း သိရသည်။

ယခုကဲ့ ထိုင်းဘတ်ငွေ ဈေးနှုန်း မြင့်တက်လာမှု တာရှည်ဖြစ်နေမည်ဆိုပါက ပြည်တွင်းရှိ အသေးစားနှင့် အလတ် စား လုပ်ငန်းရှင်များ အကြပ်ရိုက်မည့် အနေအထားရှိပြီး စီးပွားရေး အခက်အခဲများ ရင်ဆိုင်ရနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိသည်။

” အဓိက အသေးစား လုပ်ငန်းတွေပေါ့။ သွင်းကုန်ပို့ကုန် ကဏ္ဍမှာ ထိုင်းက ပစ္စည်းသွင်းနေကြတဲ့ လူတွေ ဒုက္ခ ရောက်မယ်။ အထူးသဖြင့် Online Shopping သမားတွေအထိနာမယ်။ ဘတ်ဈေးတက်ရင် စာရိတ်တွေ မြင့်လာမယ်။ ပစ္စည်း တန်ဖိုးတွေ မြင့်လာမယ်။ တစ်ဖက်မှာကျ ဝယ်လိုအားက ကျသွားမယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့လည်း ဈေးလိုက်တက်ပြီး ရောင်းရတော့မှာလေ” ဟု စီးပွားရေး ကျွမ်းကျင်သူ သတင်းရင်းမြစ်တစ်ဦးက ပြော သည်။

မြန်မာပြည်တွင်း၌ ထိုင်းထုတ်ကုန်ပစ္စည်း ဈေးကွက်တစ်ခုရှိနေပြီး အထူးသဖြင့် လူသုံးကုန် ပစ္စည်များ၊ အလှကုန်၊ ဆေးဝါးနှင့် အခြေခံစားသောက်ကုန်များ တင်သွင်းမှုများတွင် အဓိကထား လုပ်ဆောင်နေကြရာ ယခုကဲ့သို့ ဘတ်ဈေး မြင့်တက်လာမှုက အခက်အခဲများဖြစ်ရကြောင်း ရန်ကုန်မြို့မှ ထိုင်းအလှကုန်နှင့် အဝတ်အထည်လူသုံးကုန်များ တင်သွင်းဖြန့်ဖြူးရောင်းချပေးနေသည့် Online Shopping လုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီး တစ်ဦးက ပြောသည်။

” အခုတော့ ရပ်ထားရမလို ဖြစ်နေပြီ။ (၁) ရက် (၂) ရက်အတွင်းကို (၆) ကျပ် (၇) ကျပ်လောက် တက်သွားတယ်။ အများနဲ့တွက်ရင် အဆင်မပြေတော့ဘူး ။ ညီမတို့ တစ်ခါမှာရင် ဘတ် (၃) သိန်းဖိုးလောက်အထိမှာ ရတာဆိုတော့ တွက်ကြည့်လေ” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

“ခေတ်အဆက်ဆက်ကငွေစျေးကစားတဲသူတွေကိုအစိုးရတွေကထိထိရောက်ရောက်အရေးယူတာမရှိပါဘူး စီမံချက်ဆိုပြီးခဏဝင်ဖမ်းလိုက်ပြီးတော့လည်းမေ့မေ့ပျောက်ပျောက်ဖြစ်သွားတာပဲ။ ပြည်သူတွေကတော့ ကုန်စျေးနှုန်းကြီးမြင့်တာကိုဘယ်ခေတ်ရောက်ရောက်ခါးစည်းခံခဲ့ရတာပါပဲလို့ အငြိမ်းစားဝန်ထမ်းတစ်ဦးမှသုံးသပ်ပြောကြားထားသည်။

လက်ရှိ ပေါက်ဈေးအရ (ကျပ်ပေး ဘတ်ယူ) မြန်မာငွေ (၁) သိန်းကျပ်လျင် ထိုင်းဘတ်ငွေ ၁၅၅၀ ဘတ် ဝန်းကျင်သာရရှိမည်ဖြစ်ပြီး ဘတ်ငွေအရောင်း ဈေးနှုန်းမှာ (ဘတ်ပေး ကျပ်ယူ)မြန်မာငွေ (၁) သိန်းလျင် ထိုင်းဘတ်ငွေ ၁၆၂၅ ဘတ် ပေးရမည် ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here