ယူကရိန်းသမ္မတကတော်က ကန်လွှတ်တော်အမတ်များအား လက်နက်အကူအညီများ ထပ်မံပံ့ပိုးရန် တောင်းဆို

0
169

ယူကရိန်းသမ္မတကတော်က ကန်လွှတ်တော်အမတ်များအား လက်နက်အကူအညီများ ထပ်မံပံ့ပိုးရန် တောင်းဆို

ဝါရှင်တန်၊ ဇူလိုင် ၂၀ ရက်

ယူကရိန်းသမ္မတကတော် အိုလဲနာ ဇလန်စကာက ရုရှား-ယူကရိန်း အရေးအခင်းကာလအတွင်း ၎င်း၏နိုင်ငံအား အကူအညီများပိုမိုပေးအပ်ရန် အမေရိကန်လွှတ်တော်အမတ်များထံ ဇူလိုင်လ ၂၀ ရက် အင်္ဂါနေ့တွင် တောင်းဆိုခဲ့သည်။

ဇလန်စကာက “စစ်ပွဲကြောင့် ကျွန်မတို့ဘဝတွေ ပြိုကွဲပျက်စီးရလို့ အင်မတန်ဝမ်းနည်းနေရဆဲပါ။ အခုဆို ယူကရိန်းမှာ အဲဒီလို မိသားစုဘဝတွေ သိန်းနဲ့ချီ ဖျက်ဆီးခံနေရပါပြီ” ဟု အမေရိကန် အောက်လွှတ်တော်နှင့် အထက်လွှတ်တော်အမတ်များထံသို့ ၁၅ မိနစ်ကြာ မိန့်ခွန်းတစ်ခုကို စကားပြန်တစ်ဦးမှတစ်ဆင့် ပြောကြားခဲ့သည်။

ဇလန်စကာသည် အရေးအခင်းကြောင့် ဒဏ်ရာရရှိခဲ့သော သို့မဟုတ် သေဆုံးသွားသော ကလေးများ၏ ဗီဒီယိုများအပြင် ယခုလက်ရှိ ဂျာမနီ၌ ခြေတုလက်တုအသုံးပြုနည်းကို သင်ယူနေသော သုံးနှစ်အရွယ်ကောင်လေးတစ်ဦး၏ ဗီဒီယိုပါပြသခဲ့သည်။

“စစ်ပွဲကြောင့် မိသားစု ဘယ်နှစ်စုလောက် ဒီလိုအဖြစ်မျိုး၊ ဒီလိုဘဝမျိုး ရောက်နေပြီလဲ။ ဒါတွေအားလုံးဟာ ရုရှားရဲ့ အထူးစစ်ဆင်ရေးဆိုတဲ့ထိုးစစ်ကြောင့် ပါပဲ”ဟု ၎င်းကပြောကြားခဲ့သည်။

ထို့နောက် ဇလန်စကာက ယူကရိန်းအား လက်နက်အကူအညီများပေးရန် တောင်းဆိုခဲ့ပြီး ထိုလက်နက်များကိုကျုးကျော် စစ်ဆင်နွှဲရန် မဟုတ်ဘဲ မိမိ၏ တိုင်းပြည်အား ကာကွယ်ရန်အတွက်သာ ဖြစ်သည်ဟု ဆိုသည်။

“လက်နက်ကူညီခွင့်ကို ဝါရှင်တန်ဒီစီမှာ ရှိနေတဲ့ လူကြီးမင်းတွေကပဲ ပေးနိုင်ပါတယ်၊ ယူကရိန်းနိုင်ငံသားတွေ ခံစားနေရတဲ့ ဒီအကြမ်းဖက်မှုကို ရပ်တန့်ဖို ကူညီပေးပါ၊ ဒါမှသာ ဘဝ၊ လွတ်လပ်မှု နဲ့ ပျော်ရွှင်မှုတွေကို ကိုယ်စားပြုတဲ့ ကြီးကျယ်တဲ့ ပူးတွဲ အောင်ပွဲတစ်ရပ်ဖြစ်လာမှာပါ” ဟု ဇလန်စကာက ပြောကြားခဲ့သည်။

ပြီးခဲ့သည့်လက ထောက်ပံ့ပေးခဲ့သည့် အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံ အပါအဝင် အမေရိကန်သည် ယူကရိန်းအရေးအခင်းစတင်ချိန်မှစ၍ လုံခြုံရေးအကူအညီအနေအဖြင့် အမေရိကန်ဒေါ်လာ ၈ ဘီလီယံ ထောက်ပံ့ပေးခဲ့ပြီ ဖြစ်ကြောင်း ဘိုင်ဒင်အစိုးရက ဆိုသည်။

 ကွန်ဂရက်လွှတ်တော်အမတ်များသည်လည်း ဇလန်စကာ၏ တောင်းဆိုချက်ကို နွေးထွေးစွာ တုံ့ပြန်ခဲ့ကာ နောက်ထပ်အကူအညီများပေးရန် အဆင့်သင့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယူကရိန်းသမ္မတသည် ဝါရှင်တန်၌ အစည်းအဝေးများ တက်ရောက်နေသည့် ဇနီးဖြစ်သူထံမှ ရလဒ်ကောင်းများရရန် မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။ ဇလန်စကာသည် အိမ်ဖြူတော်၌ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် သမ္မတကတော် ဂျေး ဘိုင်ဒင်တို့ဖြင့် အင်္ဂါနေ့တွင် တွေ့ဆုံခဲ့သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here