ဂရင်းလန်းကျွန်း၌ ရေခဲများ အဆမတန် အရည်ပျော်လာ

0
218

ဂရင်းလန်းကျွန်း၌ ရေခဲများ အဆမတန် အရည်ပျော်လာ

ဂရင်းလန်းမြောက်ပိုင်းတွင် ပုံမှန်မဟုတ်သော ရက်ပေါင်းများစွာ ရာသီဥတုပူနွေးမှုကြောင့် ရေခဲပြင်များ လျင်မြန်စွာ အရည်ပျော်လာကာ သမုဒ္ဒရာအတွင်းသို့ အဆက်မပြတ်စီးဆင်းနေကြောင်း သိရသည်။

အပူချိန်သည် ၆၀ ဒီဂရီဖာရင်ဟိုက် ဝန်းကျင်ရှိလာပြီး ယခုနှစ်တွင် ပုံမှန်ထက် ၁၀ ဒီဂရီ ပိုပူလာကြောင်း သိပ္ပံပညာရှင်များက CNN သတင်းဌာနသို့ ပြောကြားခဲ့သည်။

ဇူလိုင်လ ၁၅ ရက်မှ ၁၇ ရက်အတွင်း ဂရင်းလန်း၌ အရည်ပျော်ခဲ့သော ရေခဲပမာဏသည် တစ်ရက်လျှင် ရေတန်ချိန် ၆ ဘီလီယံခန့်ရှိကြောင်း အမေရိကန် အမျိုးသားနှင်းနှင့် ရေခဲဒေတာစင်တာမှ အချက်အလက်များအရ သိရသည်။

လွန်ခဲ့သော နှစ် ၃၀ မှ ၄၀ အတွင်းရှိ ပျမ်းမျှ ရာသီဥတုအခြေအနေကို ကြည့်လိုက်ပါက ပြီးခဲ့သည့် အပတ် မြောက်ပိုင်း၌ ရေခဲများ အရည်ပျော်ခြင်းသည် ပုံမှန်မဟုတ်ကြောင်း ကော်လိုရာဒိုတက္ကသိုလ် အမျိုးသား နှင်းနှင့် ရေခဲဒေတာစင်တာမှ အကြီးတန်း သုတေသနပညာရှင် တက်ဒ် စကမ်ဘော့စ်က ပြောကြားခဲ့သည်။

ရေခဲအရည်ပျော်ခြင်းသည် နှစ်စဉ်နှင့်အမျှ မြင့်တက်နေသော်လည်း ယခုဖြစ်ရပ်သည် ပုံမှန်ထက် လွန်ကဲသော အခြေအနေတွင်ရှိသည်ဟု ၎င်းဆိုသည်။

သိပ္ပံပညာရှင်များသည် နွေရာသီတိုင်း၂၀၁၉ ခုနှစ်၌ စံချိန်တင် ဖြစ်ပွားခဲ့သော ရေခဲတန်ချိန် ၅၃၂ ဘီလီယံ အရည်ပျော်မှုမျိုး ထပ်မံမြင်တွေ့ရမည်ကို စိုးရိမ်နေကြသည်။ ထိုနှစ်က မထင်မှတ်ထားသော ဇူလိုင်လ၏ အပူလိုင်းဖြတ်မှုဒဏ်ကြောင့် ရေခဲလွှာ၏ မျက်နှာပြင်တစ်ခုလုံးနီးပါး အရည်ပျော်သွားကာ ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင်အား ၁ ဒသမ ၅ မီလီမီတာအထိ တစ်သက်တာမြင့်တက်စေခဲ့သည်။

ဂရင်းလန်းရှိ ရေခဲများအားလုံးအရည်ပျော်သွားပါက ကမ္ဘာတစ်ဝန်း ပင်လယ်ရေမျက်နှာပြင် ၇ ဒသမ ၅ မီတာ (၂၄ပေ) အထိ မြင့်တက်နိုင်ချေရှိသည်။

Source: CNN


LEAVE A REPLY

Please enter your comment!
Please enter your name here