မော်လမြိုင်မြို့တွင် စာသင်ကျောင်းအနောက်ဘက် အုတ်တံတိုင်းပြိုကျ၍ ၅ ဦးသေဆုံး

0
203

မော်လမြိုင်မြို့တွင် စာသင်ကျောင်းအနောက်ဘက် အုတ်တံတိုင်းပြိုကျ၍ ၅ ဦးသေဆုံး

မွန်ပြည်နယ်၊မော်မြိုင်မြို့၊ရွှေတောင်ရပ်ကွက်၊အထက်လမ်းမကြီးရှိ အမှတ်(၅) အ.ထ.က ကျောင်းအနောက်ဘက်ရှိ အုတ်တံတိုင်းသည် မိုးရွာသွန်းမှုများကာ မြေပျော့လာပြီးနောက် ဇူလိုင် ၂၂ ရက်နံနက် ၉ နာရီခန့်က ပြိုကျသွားခဲ့ကြောင်း လူမှုကူညီရေးအသင်းများမှ သိရသည်။

ထိုသို့ အုတ်တံတိုင်းပြိုကျမှုကြောင့် အုတ်တံတိုင်းဘေးရှိ ဆိုင်တန်းများပေါ်သို့ ပိကျခဲ့သဖြင့် အမျိုးသား ၂ ဦးနှင့်အမျိုးသမီး ၃ ဦးတို့မှာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ၁ ဦးမှာထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“တံတိုင်းဘေးက ဆိုင်ခန်းလေးတွေပေါ်ပိကျသွားတော့ ထိုင်နေတဲ့လူတွေအကုန်ထိသွားတာပေါ့ ၅ ယောက်သေသွားတယ် ၁ ယောက်ကတော့အသက်ရှင်တယ် အုတ်တံတိုင်းကမြင့်တော့ပြိုကျတာကများတယ်လို့ပဲပြောရမှာပေါ့ ခက်ခက်ခဲခဲထုတ်ခဲ့ရတယ်”ဟု ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ ကိုဘိုဘိုဝင်းကပြောသည်။

သေဆုံးသူ ၅ ဦး၏ရုပ်အလောင်းများနှင့်ထိခိုက်ဒဏ်ရာရရှိသူ ၁ ဦးတို့အား မော်လမြိုင်မြို့အခြေစိုက် လူမှုကူညီရေးအသင်းများမှ မော်လမြိုင်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“ကယ်ဆယ်ရေးကတော့ လက်ရှိအချိန်အထိလုပ်နေတုန်းပါ စည်ပင်ဝင်းနားဆိုတော့ စည်ပင်ကဘူဒိုဇာပါရောက်လာပြီး ကူညီပေးနေပါတယ်”ဟု ကိုဘိုဘိုဝင်းကပြောသည်။

Photo-ကိုဘိုဘိုဝင်း


LEAVE A REPLY

Please enter your comment!
Please enter your name here