ပူတင်နှင့် ဆော်ဒီအိမ်ရှေ့စံမင်းသား ရေနံဈေးကွက်အရေးဆွေးနွေး

0
236

ပူတင်နှင့် ဆော်ဒီအိမ်ရှေ့စံမင်းသား ရေနံဈေးကွက်အရေးဆွေးနွေး

လန်ဒန်၊ ဇူလိုင် ၂၂ ရက်

ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် ဆော်ဒီအိမ်ရှေ့စံမင်းသား မိုဟာမက်ဘင်ဆယ်မန်တို့သည် ဇူလိုင်လ ၂၁ ရက်နေ့ ကြာဿပတေးနေ့၌ ဖုန်းခေါ်ဆိုမှု ပြုလုပ်ခဲ့ကြပြီး OPEC+ အဖွဲ့အစည်းအတွင်း ထပ်မံပူးပေါင်းဆောင်ရွက်မှု၏ အရေးပါပုံကို အလေးပေးပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖုန်းဖြင့်‌ ဆွေးနွေးမှုကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ဆော်ဒီမင်းသားထံ လာရောက်လည်ပတ်ပြီး ၆ ရက်အကြာ၌ပြုလုပ်ခြင်းဖြစ်သည်။ ရုရှား-ယူကရိန်းအရေးအခင်းကြောင့် ကမ္ဘာ့စွမ်းအင်ဈေးကွက် တည်ငြိမ်မှုမရှိခြင်းက ဝါရှင်တန်နှင့် မော်စကိုကြား ဆော်ဒီအာရေးဗျ၏ ရေနံထုတ်လုပ်မှုအရေးပါပုံကို မီးမောင်းထိုးပြနေသည်။

OPEC+ သည် ရုရှားဦးဆောင်သော ရေနံထုတ်လုပ်သူများနှင့် ရေနံတင်ပို့သည့်နိုင်ငံများအဖွဲ့ (OPEC)ကို ပေါင်းစည်းထားသော အဖွဲ့အစည်းဖြစ်ပြီး ဇွန်လ ၂ ရက်နေ့တွင် ရေနံထုတ်လုပ်နှုန်း တိုးမြှင့်ရန် သဘောတူညီခဲ့ကြသည်။

ထို့ကြောင့် ဆော်ဒီအာရေးဗျသည် ယူကရိန်းအရေးအခင်းနှင့် စပ်လျဉ်း၍ မော်စကိုအား အနောက်နိုင်ငံများက စီးပွားရေးအရပိတ်ဆို့အ‌ရေးယူရန် ကြိုးစားနေသော်လည်း ရေနံဈေးကွက်တွင် ထုတ်လုပ်နှုန်း တိုးမြှင့်နိုင်ရန်အတွက် ရုရှားအား OPEC+တွင် ဆက်လက်ရှိနေစေလိုသည်။

“ကမ္ဘာ့ရေနံဈေးကွက်ရဲ့ လက်ရှိအခြေအနေကို အသေးစိတ် သုံးသပ်ထားပါတယ်။ OPEC+ ၏ မူဘောင်အတွင်း နောက်ထပ် ပြုလုပ်မယ့် ညှိနှိုင်းဆောင်ရွက်မှုရဲ့ အရေးပါမှုကို အလေးပေးစဉ်းစားထားပါတယ် ” ဟု ပူတင်က ဖုန်းဖြင့်‌ ဆွေးနွေးမှုအပြီးတွင် ပြောကြားခဲ့သည်။

ကမ္ဘာ့စွမ်းအင်ဈေးကွက် တည်ငြိမ်စေရန်အတွက် OPEC+အတွင်း ပါဝင်သည့်နိုင်ငံများသည် ၎င်းတို့၏ တာဝန်ဝတ္တရားများကို တသမတ်တည်း ကျေပွန်အောင် ထမ်းဆောင်နေကြသည်ကို ကျေနပ်အားရမိသည်ဟု ပူတင်က ဆိုသည်။

ဆော်ဒီအာရေးဗျသည် ဘိုင်ဒင် လာရောက်လည်ပတ်စဉ်က ဆယ်စုနှစ်အတွင်း အမေရိကန်၏ အမြင့်ဆုံး ငွေကြေးဖောင်းပွမှုကို ဖြစ်စေခဲ့သည့် လောင်စာဆီဈေးနှုန်းများ ကျဆင်းစေရန် ၎င်းနိုင်ငံ၏ ရေနံထုတ်လုပ်မှုကို မြှင့်တင်မည်ဟု မ‌ ပြောခဲ့ပေ။

သို့သော် ဆော်ဒီအာရေးဗျသည် ရေနံထုတ်လုပ်နှုန်း တိုးမြှင့်ရန်အတွက် တွန်းအားပေးခြင်းမပြုမီ ရုရှားနှင့် အနီးကပ် ဆွေးနွေးခဲ့သည်ဟု ရိုက်တာသတင်းဌာနထံပေးပို့သော သတင်းရင်းမြစ်များအရ သိရသည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here