အမေရိကန်နှင့်တောင်ကိုရီးယားပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြန်လည်စတင်မည်

0
182

အမေရိကန်နှင့်တောင်ကိုရီးယားပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြန်လည်စတင်မည်

ဆိုးလ်၊ ဇူလိုင် ၂၂ ရက်

တောင်ကိုရီးယားနှင့် အမေရိကန်တို့သည် ပူးတွဲစစ်ရေးလေ့ကျင့်မှုကိုကာလကြာရှည်စွာ ဆိုင်းငံ့ထားရာမှ တိုက်ရိုက်ကွင်းဆင်းလေ့ကျင့်ရေးကို ပြန်လည်စတင်တော့မည်ဖြစ်ကြောင်း ဆိုးလ်ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင်လ ၂၂ ရက် သောကြာနေ့တွင် ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် ယခုနှစ်အတွင်း ထူးကဲသော အရှိန်အဟုန်ဖြင့် ဒုံးကျည်စမ်းသပ်မှုများကို ဆောင်ရွက်ခဲ့ပြီး ၎င်း၏ သတ္တမမြောက်နျူစမ်းသပ်မှုအတွက်လည်း ပြင်ဆင်နေသည်ဟု သိရသည်။

မေလတွင် အာဏာရလာသော တောင်ကိုရီယားသမ္မတ ယွန်းဆော့ယိုက အမေရိကန်နှင့် ပူးတွဲကာ စစ်ရေးလေ့ကျင့်မှုများကို ပုံမှန်ပြုလုပ်ရန်နှင့် မြောက်ကိုရီးယား၏ နျူကလီးယား အစီအစဉ်များကိုပိုမိုတားဆီးသွားရန် ကတိပြုခဲ့ပြီးနောက် ၎င်းတို့၏ နှစ်စဉ် နွေရာသီစစ်လေ့ကျင့်ရေးကို နောက်လတွင် ပြန်လည်စတင်ရန် စီစဉ်ထားခဲ့သည်။

တောင်ကိုရီယားနှင့် အမေရိကန်တို့သည် တပ်မအဆင့် လေ့ကျင့်မှုအပါအဝင် ပူးတွဲကွင်းဆင်းစစ်ရေးလေ့ကျင့်မှု ၁၁ ခုကိုပြုလုပ်ရန် စီစဉ်ထားပြီး တပ်ရင်းအဆင့် ကွင်းဆင်းလေ့ကျင့်မှုများကိုလည်း ပြုလုပ်မည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

မဟာမိတ်နှစ်နိုင်ငံစလုံးသည် ကိုဗစ်-၁၉ ကပ်ရောဂါ ပျံ့ပွားခြင်း၊ မြောက်ကိုရီးယားနှင့် တင်းမာမှုများ လျှော့ချရန် ကြိုးပမ်းခြင်း စသည်တို့ကြောင့် ပြီးခဲ့သည့် နှစ်များအတွင်း ၎င်းတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို လျှော့ချခဲ့သည်။

မြောက်ကိုရီးယားက တောင်ကိုရီးယား၏မြို့တော်ပတ်ဝန်းကျင်ကို ပစ်မှတ်ထားနေသော ဒုံးကျည်ခြိမ်းခြောက်မှုများကြီးမားလာခြင်းကို တန်ပြန်ရန် ကာကွယ်ရေးဝန်ကြီးဌာနက ဒုံးကျည်ထောက်လှမ်းနိုင်စွမ်းကို မြှင့်တင်ပေးပြီး ကြားဖြတ်စနစ်အသစ်ကို အစောပိုင်းကတည်းက ဖြန့်ကျက်တပ်ဆင်သွား မည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here