တရုတ်သို့ အပူလှိုင်းထပ်မံဝင်ရောက်မည်ဟုကြေငြာ

0
71

တရုတ်သို့ အပူလှိုင်းထပ်မံဝင်ရောက်မည်ဟုကြေငြာ

ပေကျင်း၊ဇူလိုင် ၂၂

တရုတ်နိုင်ငံသည် လာမည့်ဆယ်ရက်အတွင်း အရှေ့မှအနောက်သို့ အပူလှိုင်းများ ထပ်မံဝင်‌ရောက်မည်ဖြစ်ပြီး အချို့မြို့များ၌ သောကြာနေ့ကတည်းက အမြင့်ဆုံးအဆင့်သတိပေးချက် ထုတ်ပြန်ထားပြီးဖြစ်သည်။

စနေနေ့မှစ၍ အပူလှိုင်းအဖြစ်မရောက်မီ အပူချိန်သိသိသာသာတိုးလာမည်ဟု ခန့်မှန်းထားပြီး ပုံမှန်အားဖြင့် သုံးရက် (သို့မဟုတ်) ထို့ထက်ပိုပူသော ရာသီဥတုကာလများဟု သတ်မှတ်သည်။ယခုတစ်ပတ်စနေနေ့သည် တရုတ်မိုးလေဝသ ခန့်မှန်းချက်အရ “အပူကြီးမည့်” နေ့ဖြစ်သည် ဟုသိရသည်။

အဆိုပါအပူလှိုင်းသည် ဇူလိုင် ၅ ရက်မှ ၁၇ ရက်အထိရှိခဲ့သောအပူချိန်နှင့် တူညီမည်ဟု ခန့်မှန်းထားသော်လည်း အချို့ဒေသများတွင် အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ်စ် (၁၀၄ ဒီဂရီ ဖာရင်ဟိုက်) နှင့် ယင်းထက်ပို၍ ပြင်းထန်နိုင်ကြောင်း အမျိုးသားမိုးလေဝသဌာနမှ အကြီးအကဲ Fu Jiaolan က နိုင်ငံပိုင်မီဒီယာသို့ပြောကြားခဲ့သည်။

စက်ရုံများနှင့် ပို့ကုန်လုပ်ငန်းများ အများအပြားရှိသည့် Zhejiang ပြည်နယ်ရှိမြို့အချို့တွင် အနီရောင်အဆင့်သတိပေးချက်များ ထုတ်ပြန်ခဲ့ကာ နောက်၂၄ နာရီအတွင်း အနည်းဆုံး အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ်စ်(၁၀၄ ဒီဂရီဖာရင်ဟိုက်) ရှိမည်ဟုခန့်မှန်းထားသည်။

နိုင်ငံ၏ပင်မဓာတ်အားလိုင်းဝန်အားသည်လည်း ယခုနှစ်နွေရာသီတွင် အမြင့်ဆုံးသို့ရောက်ရှိနိုင်ကြောင်း အရေးပေါ် စီမံခန့်ခွဲမှု ဝန်ကြီးဌာနက သောကြာနေ့တွင်သတိပေးခဲ့သည်။

“တရုတ်နဲ့ ရှန်ဟိုင်းမှာရှိတဲ့ စက်ရုံအားလုံးအတွက် ကျွန်တော်တို့မှာလိုက်နာနာရမယ့် စည်းမျဉ်းတွေရှိပါတယ်” ဟု ဓာတုထုတ်ကုန်ထုတ်လုပ်သည့် Sika Chinaဥက္ကဋ္ဌ Leo Zhang ကပြောကြားခဲ့သည်။

Zhejiang ၊ Fujian ၊ Guangdong ၊ Hunan ၊ Jiangxi နှင့် Chongqing ဒေသများသည်လည်း မကြာမီကာလအတွင်း တောမီးအန္တရာယ်နှင့်ရင်ဆိုင်ရနိုင်သည်ဟု ဝန်ကြီးဌာနကဆိုသည်။

Xinjiang ပြည်နယ်အနောက်ဘက်ဒေသတွင် ရေခဲပြင်များအရည်ပျော်မှုမြင့်တက်လာပါက မြစ်များနှင့်ရေကာတာများအတွက် အန္တရာယ်ရှိကြောင်း တရုတ်မိုးလေဝသဌာနက သောကြာနေ့တွင်ပြောကြားခဲ့ပြီး အထူးသဖြင့်တရုတ်နိုင်ငံနှင့် ကာဂျစ္စတန်နယ်စပ်အနီး Aksu မြစ်လက်တက်တွင် ဆည်ချို့ယွင်းမှုအန္တရာယ် ကြီးမားနိုင်ကြောင်းသတိပေးထားသည်။

ယခုကဲ့သို့ ပူပြင်းသောရာသီဥတုသည် အယ်လ်ပိုင်း ဆီးနှင်းများနှင့်ရေခဲများ အရည်ပျော်မှုအပေါ် “အတိုင်းအတာတစ်ခုအထိ သက်ရောက်မှုရှိလိမ့်မည်” ဟု အုပ်ချုပ်ရေးအဖွဲ့ကပြောကြားခဲ့သည်။

ဇွန် ၁ ရက်မှ ဇူလိုင် ၂၀ ရက်အထိ စက်မှုနှင့်ကူးသန်းရောင်းဝယ်ရေး အဓိကအချက်အချာနေရာများဖြစ်သည့် မြစ်ဝါမြစ်နှင့် ယန်စီမြစ်ဝှမ်းဒေသများတွင် ပုံမှန်ထက်အပူချိန်လွန်ကဲမှုကို အနည်းဆုံး၁၀ ရက်ထက်မနည်းခံစားခဲ့ရသည်။

ဇွန်လမှစတင်၍ အပူလှိုင်းများသည် အရှေ့အာရှ၊အနောက်ဥရောပ၊မြောက်အာဖရိက နှင့် မြောက်အမေရိက တို့တွင်လည်းဖြစ်‌ပေါ်ခဲ့ပြီး နိုင်ငံအများအပြားတွင် တောမီးလောင်ကျွမ်းမှုများ ဖြစ်ပွားခဲ့သည်။ရာသီဥတုဖောက်ပြန်မှုက အပူချိန်တိုးလာစေပြီး အပူလှိုင်းများကိုလည်းမကြာခဏ ဖြစ်စေတတ်ကြောင်း သိပ္ပံပညာရှင်များက သတိပေးထားသည်။ တရုတ်နိုင်ငံတွင် အမြဲတမ်းလိုလို အမြင့်ဆုံးစံချိန်တင်ရသည့် အပူချိန်ကလည်း အငြင်းပွါးဖွယ်ကိစ္စတစ်ခုဖြစ်လာသည်။

တရုတ်မီဒီယာများ၏ဖော်ပြချက်အရ လွန်ခဲ့သောနှစ်ပေါင်းသုံးရာအတွင်း အပူဆုံးကာလသည် ချင်မင်းဆက်အုပ်စိုးသည့် ၁၇၄၃ ခုနှစ် ဇူလိုင်လကရှိခဲ့သည့်အပူချိန်ဖြစ်ပြီး ပေကျင်းရှိပြင်သစ်သာသနာပြုတစ်ဦးကမူ ၄၄ ဒသမ ၄ ဒီဂရီဆဲလ်စီးယပ်စ်အထိ အမြင့်ဆုံးအပူချိန်ရှိခဲ့ကြောင်း မှတ်တမ်းတင်ခဲ့သည်။

တရုတ်နိုင်ငံ၏အပူဆုံးနေရာများထဲမှတစ်ခုဖြစ်သည့် Xinjiang ဒေသ၊Ayding ရေကန်အနီးရှိ မိုးလေဝသဌာန၏မှတ်တမ်းအရ ၂၀၁၅ ခုနှစ်ကလည်း အပူချိန် ၅၀ ဒီဂရီဆဲလ်စီးယပ်စ်အထိရှိခဲ့ဖူးကြောင်းသိရှိရသည်။

အိုအေစစ်မြို့တော် Turpan တွင်လည်း အပူချိန်သည် လာမည့်သီတင်းပတ်တွင် ၅၀ ဒီဂရီဆဲလ်စီးယပ်စ်အထိ ရောက်ရှိနိုင်ကြောင်း တရုတ်မိုးလေဝသဌာနမှ သောကြာနေ့တွင်ပြောကြားခဲ့သည်။

Source – Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here