ဆုံးရှုံးသွားသောနယ်မြေများပြန်မရက အပစ်အခတ်ရပ်စဲရေး မရှိလာနိုင်ဟုဇလန်စကီးဆို

0
284

ဆုံးရှုံးသွားသောနယ်မြေများပြန်မရက အပစ်အခတ်ရပ်စဲရေး မရှိလာနိုင်ဟုဇလန်စကီးဆို

ယူကရိန်းသမ္မတ ဇလန်စကီးက ၎င်းတို့ ဆုံးရှုံးသွားသော နယ်မြေများကို ပြန်လည်ရယူခွင့်မပြုဘဲ ရုရှားနှင့် အပစ်အခတ်ရပ်စဲခြင်းသည် စစ်ပွဲကာလကိုသာ ပိုမိုရှည်ကြာစေ မည်ဖြစ်ကြောင်း ဇူလိုင်လ ၂၂ ရက် သောကြာနေ့၌ ဝေါစထရီ့ဂျာနယ်နှင့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ပြောကြားခဲ့သည်။

အပစ်အခတ်ရပ်စဲခြင်းသည် အရေးအခင်းစတင်ချိန်မှစ၍ သိမ်းပိုက်ထားသော ယူကရိန်းနယ်မြေများကို ရုရှားပိုင်အဖြစ် သတ်မှတ်ခွင့်ပြုသကဲ့သို့ ဖြစ်သွားမည်ဖြစ်၍ ၎င်းနယ်မြေများကြောင့် နောင်တွင် ပိုမို ဆိုးရွားသော ပဋိပက္ခများ ပေါ်ပေါက်လာနိုင်စေသည်ဟု ဇလန်စကီးက သတိပေးခဲ့သည်။ 

ထို့အပြင် အပစ်အခတ်ရပ်စဲခြင်းသည် မော်စကိုအား နောက်တစ်ချီ စစ်ပွဲများအတွက် ပြန်လည်ပြင်ဆင်ရန်နှင့် စစ်လက်နက်ပြန်လည် ဖြည့်တင်းရန် အခွင့်အရေးပေးသကဲ့သို့ ဖြစ်သွားနိုင်သည်ဟုလည်း ၎င်းကပြောကြားခဲ့သည်။

ဇလန်စကီးက သိမ်းပိုက်ခံနယ်မြေများအားလုံးကို ဦးစွာ လွတ်မြောက်ခွင့်ပေးပြီးမှသာ နောင်နှစ်ပေါင်းများစွာတွင် မည်ကဲ့သို့ဆက်ဆံနေထိုင်သွားရမည်ကို ဆွေးနွေးညှိနှိုင်း ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရုရှားနှင့် ချုပ်ဆိုထားသည့် စပါးပြန်လည်တင်ပို့ခွင့် သဘောတူညီချက်နှင့် ပတ်သက်၍ ဇလန်စကီးက မော်စကိုအား သံတမန်နည်းအရ လိုက်လျောလိုက်ခြင်းသည် ကမ္ဘာ့စားသောက်ကုန်ဈေးကွက်ကို အနည်းငယ်တည်ငြိမ်စေမည်ဖြစ်သော်လည်း ယာယီသာဖြစ်၍ နောင်တွင် အလားတူဖြစ်ရပ်မျိုး ပြန်လည်ဖြစ်ပေါ်နိုင်သည် ဟု ဆိုသည်။

ဇလန်စကီးက ရှေ့တန်းမှ မိုင်ရာချီဝေးနေသော အေးချမ်းသည့် မြို့များအား ရုရှား၏ တာဝေးပစ်ဒုံးကျည်များမှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးစနစ်များကို မဖြစ်မနေလိုအပ်နေကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here