ယူကရိန်းတွင် ဒေါ်လာဘီလီယံဆယ်ချီတန်သည့် ဂျုံများရောင်းရန်ရှိဟုဆို

0
134

ယူကရိန်းတွင် ဒေါ်လာဘီလီယံဆယ်ချီတန်သည့် ဂျုံများရောင်းရန်ရှိဟုဆို

ကုန်စည်လမ်းကြောင်းပြန်လည်ဖွင့်လှစ်ရန် ရုရှားနှင့်သဘောတူညီချက်စာချုပ် ချုပ်ဆိုပြီးနောက် ယူကရိန်းအနေဖြင့် ဒေါ်လာဆယ်ဘီလီယံတန်ဖိုးရှိသည့် ဂျုံများရောင်းချရန်ရှိကြောင်းသမ္မတ ဇလန်းစကီးကဆိုသည်။ထပ်မံ၍ ယခုနှစ်ရိတ်သိမ်းချိန်မှထွက်သော ဂျုံများကိုရောင်းချနိုင်မည့် အခွင့်အရေးလည်းရှိသည်ဟု ဇူလိုင်၂၂ ရက်နေ့က ကဆိုသည်။

“ဒါဟာ ယူကရိန်းအနေနဲ့ စစ်ပွဲကိုခံနိုင်ရည်ရှိတယ်ဆိုတာကို ထပ်ပြလိုက်တာပါပဲ” ဟုသမ္မတက၎င်း၏မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

ရုရှားနှင့်ယူကရိန်းတို့သည် ဂျုံတင်ပို့မှုအတွက် ယူကရိန်းပင်လယ်နက်ဆိပ်ကမ်းများကို ပြန်လည်ဖွင့်လှစ်ရန်သောကြာနေ့၌ လက်မှတ်ရေးထိုးခဲ့ပြီး စစ်ပွဲကြောင့်ပိုမိုဆိုးရွားလာသော နိုင်ငံတကာစားနပ်ရိက္ခာအကျပ်အတည်းကို ဖြေလျှော့နိုင်မည်ဟူသော မျှော်လင့်ချက်များလည်းဖြစ်ပေါ်စေသည်။

“မနှစ်ကတန်ချိန် သန်း ၂၀ လောက်တင်ပို့နိုင်ခဲ့ပြီး ဒီနှစ်ရိတ်သိမ်းချိန်အတွက်လည်း ရောင်းဖို့အခွင့်အရေးရပါပြီ။လောလောဆယ်တော့ ဒေါ်လာဆယ်ဘီလီယံလောက်တန်ဖိုးရှိတဲ့ ဂျုံတွေရောင်းဖို့ရှိပါတယ်” ဟုသမ္မတဇလန်းစကီးကပြောခဲ့သည်။

“ကမ္ဘာ့ကုလသမဂ္ဂနဲ့တူရကီတို့ရဲ့ အကျိုးဆောင်ပေးမှုကြောင့် အခုစာချုပ်ချုပ်ဆိုလိုက်နိုင်တာဟာ နိုင်ငံအတော်များများကိုရိုက်ခတ်ပြီး ဖရိုဖရဲဖြစ်သွားစေတဲ့ ကမ္ဘာ့စားနပ်ရိက္ခာအကျပ်အတည်းကို ကာကွယ်လိုက်နိုင်တာပါပဲ” ဟုလည်း၎င်းကဆိုသည်။

“တစ်ခါတစ်လေ ရုရှားဘက်ကရန်စမှုနဲ့ ယူကရိန်းအပါအဝင်နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ကြိုးပမ်းအားထုတ်မှုတွေအပေါ် သိက္ခာချတာမျိုးတွေ လုပ်လာနိုင်ပေမယ့် ကျွန်တော်တို့ဘက်ကတော့ ကုလသမဂကိုယုံကြည်ပါတယ်” ဟုဆိုသည်။

ယခုသဘောတူညီချက်ကို အကောင်အထည်ဖော်ရာတွင် ရုရှားဘက်ကို တာဝန်ယူပေးမည်ဟု အမေရိကန်ကပြောကြားခဲ့ပြီး ကမ္ဘာ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များအတွက် အသုံးပြုနိုင်သည့် ဂျုံများကိုမသိုလှောင်ထားရန်လည်း တရုတ်နိုင်ငံအားတောင်းဆိုခဲ့သည်။

ကုလသမဂ္ဂဆိုင်ရာအမေရိကန်အမြဲတမ်းကိုယ်စားလှယ်လင်ဒါသောမတ်စ်ဂရင်းဖီးလ်ကမူ ယခုသဘောတူညီချက်သည် ရုရှားကြောင့်ဖြစ်ပေါ်ခဲ့သည့် အကျပ်အတည်းကိုအမှန်တကယ် လျော့ပါးစေနိုင်မည်ဟု ယုံကြည်ပါကြောင်းနှင့် သဘောတူညီချက်အပေါ် ရုရှားဘက်မှချိုးဖောက်မှုမရှိစေရန် အနီးကပ်စောင့်ကြည့်နေမည့်အကြောင်းကိုပြောကြားခဲ့သည်။

“ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာအကျပ်အတည်းကို တိုက်ဖျက်ရာမှာ တရုတ်နိုင်ငံကကူညီတာကိုလည်း အမေရိကန်ကမြင်ချင်ပါတယ်” ဟုအမေရိကန် နိုင်ငံခြားရေးဌာနဒဏ်ခတ်ပိတ်ဆို့မှုဆိုင်ရာညှိနှိုင်းရေးရုံး၏အကြီးအကဲ James O’Brien က သတင်းထောက်များကိုပြောသည်။

“တရုတ်နိုင်ငံဟာ ဂျုံကိုလှိုင်လှိုင်ဝယ်သူ‌ လေ။ သူကသိုလှောင်နေပြီး ကျန်တဲ့လူသန်းပေါင်းများစွာကတော့ စားနပ်ရိက္ခာမလုံလောက်မှုကပ်ဘေးအဆင့်ကို ရောက်နေတဲ့အချိန်ဖြစ်ပါတယ်၊ဒါကြောင့်တရုတ်နိုင်ငံအနေနဲ့ အင်အားကြီးနိုင်ငံပီသစွာ ဒုက္ခရောက်နေတဲ့နိုင်ငံတွေအတွက် မျှဝေပေးတာမျိုးပဲဖြစ်စေချင်ပါတယ်” ဟုလည်း ၎င်းကဆိုခဲ့သည်။

Source – Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here