အယ်လ်ဘေးနီးယား သမ္မဟောင်း ဗြိတိန်ဝင်ခွင့် ပိတ်ခံရ
တီရာနာ၊ ဇူလိုင် ၂၃ ရက်
အယ်လ်ဘေးနီးယားသမ္မတဟောင်းနှင့် ဝန်ကြီးချုပ်ဟောင်း ဖြစ်သည့် ဆာလီဘာရီရှာက မိမိအား ရာဇ၀တ်ဂိုဏ်းများနှင့် ဆက်နွှယ်နေသည်ဟု ယူဆခံရသဖြင့် ဗြိတိန်နိုင်ငံအတွင်းသို့ ဝင်ရောက်ခြင်းမပြုရန် လန်ဒန်က တားမြစ်ထားကြောင်း ဇူလိုင် ၂၂ ရက်တွင် ပြောကြားခဲ့သည်။
အယ်လ်ဘေးနီးယားမြို့တော် တီရာနာရှိ ဗြိတိန်သံရုံးက ဗြိတိန်သည် ရာဇဝတ်မှု၊ အကျင့်ပျက်ခြစားမှုများနှင့် ဆက်နွှယ်နေသည့် အယ်လ်ဘေးနီးယားမှ အရာရှိအများအပြားကို ဆန့်ကျင်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်နေသည်ဟုသာ ပြောဆိုခဲ့ကြောင်း၊ ဘာရီရှာဟု အမည်မတပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ပြီးခဲ့သည်နှစ်ကလည်း အလားတူဖြစ်ရပ်မျိုးဖြစ်ပွားခဲ့ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ဘာရီရှာသည် ဝန်ကြီးချုပ်ဖြစ်စဉ်ကအကျင့်ပျက်ခြစားခြင်းနှင့် အာဏာအလွဲသုံးစားလုပ်ခြင်းတို့ကို ပြုလုပ်ခဲ့သည်ဟုဆိုကာ ၎င်းနှင့် ၎င်း၏မိသားစုအား အမေရိကန်နိုင်ငံတွင်းသို့ ဝင်ရောက်ခွင့်မပြုခဲ့ချေ။
ဘာရီရှာက ဝါရှင်တန်နှင့် လန်ဒန်တို့မှ စွပ်စွဲချက်များအားလုံးသည် မဟုတ်မမှန်သော အသရေဖျက်စကားများ အပေါ်သာအခြေခံထားသည်ဟု သောကြာနေ့(မနေ့)က ကြေငြာချက်တစ်ခုတွင် ပြောကြားခဲ့သည်။
ဘာရီရှာက ၎င်းနိုင်ငံ၏ အစိုးရထဲမှ မည်သူကမျှ ရာဇဝတ်ဂိုဏ်းများကို တိုက်ခိုက်ခြင်း မရှိခဲ့ကြောင်း၊ သို့သော် မိမိကဲ့သို့ မည်သူမျှ ဝင်ခွင့်ပိတ်ခံရခြင်း မရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
ဘာရီရှာသည် အယ်လ်ဘေးနီးယားတွင် ၁၉၉၂ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိ သမ္မတအဖြစ်တာဝန်ထမ်းဆောင်ခဲ့ကာ ကွန်မြူနစ် စနစ်ကျဆုံးပြီးနောက်ပိုင်း ၂၀၀၅ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
ဘာရီရှာသည် ကွန်မြူနစ်စနစ် ကျဆုံးပြီးနောက် အကြီးမားဆုံး အတိုက်အခံပါတီဖြစ်သည့် ဒီမိုကရက်တစ်ပါတီကို တည် ထောင်ကာ ၎င်းပါတီ၏ ခေါင်းဆောင် နေရာကိုရယူခဲ့သည်။
ဘာရီရှာသည် အယ်လ်ဘေးနီးယားတွင် ရာဇဝတ်မှုနှင့်ပတ်သက်၍ မည်သည့် တရားစွဲဆိုမှုမျှ ခံရဖူးခြင်း မရှိပေ။
Source: CNA