ယူကရိန်းဆိပ်ကမ်းအတိုက်ခံရသော်လည်း ဂျုံတင်ပို့ရန်ဆက်လက်ပြင်ဆင်နေ

0
159

ယူကရိန်းဆိပ်ကမ်းအတိုက်ခံရသော်လည်း ဂျုံတင်ပို့ရန်ဆက်လက်ပြင်ဆင်နေ

ကိဗ်၊ဇူလိုင် ၂၄

ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာအခက်အခဲပြေလည်စေဖို့ ယူကရိန်းဂျုံပြန်လည်တင်ပို့နိုင်ရန် နှစ်နိုင်ငံသဘောတူလက်မှတ်ရေးထိုးပြီးနောက်တစ်နေ့တွင် ရုရှားဘက်မှပစ်ခတ်သော ဒုံးကျည်သည် ယူကရိန်း၏ Odesa ဆိပ်ကမ်းသို့ထိမှန်ခဲ့သည်။ထို့ကြောင့် ပစ်ခတ်မှုများ ထပ်မံဖြစ်ပွားမည်ဆိုပါက ဂျုံသယ်ယူပို့ဆောင်ရေးအတွက် အခက်အခဲရှိပြီး အန္တရာယ်ရှိနိုင်ကြောင်း ယူကရိန်းမှသတိပေးထားသည်။


တူရကီနှင့်ကုလသမဂ္ဂ၏ ကြားဝင်ဖျန်ဖြေရေး သဘောတူညီချက်ကို အကောင်အထည်ဖော်ရန် မော်စကိုအား ယုံကြည်နိုင်ခြင်းမရှိကြောင်း စနေနေ့တိုက်ခိုက်မှုကပြသနေသည်ဟုသမ္မတ ဗလာဒီမာဇလန်းစကီး ကရှုံ့ချခဲ့သည်။

ရုရှားဒုံးကျည်များသည် ဆိပ်ကမ်း၏ စပါးသိုလှောင်ရာနေရာကို ထိမှန်ခြင်းမရှိသကဲ့သို့ထိခိုက်ပျက်စီးမှုကြီးကြီးမားမားလည်း မဖြစ်ခဲ့ကြောင်း ယူကရိန်းစစ်တပ်က ပြောကြားကာ ဂျုံတင်ပို့မှုပြန်လည်စတင်ရန် ပြင်ဆင်မှုများကို ဆက်လက်ရွက်ဆောင်နေသည်ဟုလည်းပြောကြားခဲ့သည်။


“ဆိပ်ကမ်းတွေကနေ လယ်ယာထွက်ကုန်တွေကို တင်ပို့ရောင်းချနိုင်ဖို့ နည်းပညာပိုင်းဆိုင်ရာ ပြင်ဆင်မှု‌တွေ ဆက်လက်လုပ်ဆောင်နေပါတယ်” ဟု အခြေခံအဆောက်အဦဆိုင်ရာဝန်ကြီး Oleksandr Kubrakov က Facebook ပို့စ်တွင်ပြောကြားခဲ့သည်။

ယူကရိန်းစစ်တပ်က ရုရှားစစ်သင်္ဘောများမှ ပစ်လွှတ်သော Kalibr ဒုံးကျည်နှစ်စင်းသည် ဆိပ်ကမ်းရှိ ရေစုပ်စက်ဧရိသာကို ထိမှန်ခဲ့ပြီး အခြားနှစ်စင်းကို လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ချနိုင်ခဲ့သည်ဟုပြောကြားခဲ့သည်။


ရုရှားနိုင်ငံက ၎င်း၏တပ်ဖွဲ့များသည် ယူကရိန်း စစ်သင်္ဘောတစ်စင်းနှင့် Odesa ရှိ လက်နက်သိုလှောင်ရုံတစ်ခုကို ၎င်း၏နည်းပညာမြင့်ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း တနင်္ဂနွေနေ့တွင်ပြောကြားခဲ့သည်။

မော်စကိုနှင့်ကိဗ်တို့ သောကြာနေ့၌ လက်မှတ်ရေးထိုးခဲ့သော အဆိုပါ သဘောတူညီချက်သည် ကမ္ဘာ့စားနပ်ရိက္ခာစျေးနှုန်းများ မြင့်တက်လာခြင်းကို တားဆီးနိုင်မည့်သံတမန်ရေးရာ အောင်မြင်မှုတစ်ခုအဖြစ်ချီးကျူးခံခဲ့ရသည်။

သို့သော်ဇလန်းစကီး၏ စီးပွားရေးအကြံပေးက “မနေ့ကပစ်ခတ်မှုဟာ ရှေ့ဆက်ညှိနှိုင်းဖို့လုံးဝ မဖြစ်နိုင်ဘူးလို့ ညွှန်ပြနေပါတယ်” ဟု ယူကရိန်းရုပ်မြင်သံကြားကို ပြောကြားခဲ့သည်။

ယူကရိန်းအနေဖြင့် လာမည့်ကိုးလအတွင်း စပါးတန်ချိန် သန်း ၆၀ တင်ပို့နိုင်သော်လည်း ဆိပ်ကမ်းများ၏ လည်ပတ်ကိုနှောင့်ယှက်ခံရပါက ၂၄ လအထိ ကြာမ ည်ဖြစ်ကြောင်း လည်း၎င်းကပြောကြားခဲ့သည်။

Source – Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here