WHOကမျောက်ကျောက်ကို အရေးပေါ်အဖြစ်ကြေငြာခဲ့သော်လည်း ကာကွယ်ဆေးစုပြုံထိုးနှံရန်မလိုဟု စင်္ကာပူပြော

0
90

WHOကမျောက်ကျောက်ကို အရေးပေါ်အဖြစ်ကြေငြာခဲ့သော်လည်း ကာကွယ်ဆေးစုပြုံထိုးနှံရန်မလိုဟု စင်္ကာပူပြော

စင်္ကာပူ၊ဇူလိုင် ၂၅

စင်္ကာပူကျန်းမာရေးဝန်ကြီးဌာန(MOH)သည် မျောက်ကျောက်ရောဂါအတွက်လူဦးရေအများအပြားကို ကာကွယ်ဆေးထိုးရန်မလိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီး Ong Ye Kung က တနင်္လာနေ့ (ဇူလိုင် ၂၅ ရက်) တွင် ဗိုင်းရပ်စ်ရောဂါနှင့်ပတ်သက်၍ ဝန်ကြီးဌာန၏ဆုံးဖြတ်ချက်ကို ထပ်လောင်းပြောကြားခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မျောက်ကျောက်ရောဂါဖြစ်ပွားမှုကို ကမ္ဘာလုံးဆိုင်ရာကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် စနေနေ့ကကြေညာပြီးနောက် ယခု‌ကြေငြာချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

“အခုလောလောဆယ်မှာတော့ ရောဂါရဲ့ သဘောသဘာဝအရ ကူးစက်မှုအန္တရာယ်သိပ်မကြီးမားတာကြောင့် မျောက်ကျောက်ရောဂါကို ပြည်သူအားလုံး အစုလိုက်အပြုံလိုက် ကာကွယ်ဆေးထိုးဖို့ MOH ကတိုက်တွန်းထားတာမျိုးမရှိပါဘူး” ဟု Mr Ong က Facebook တွင်ရေးသားထားသည်။အခြေအနေတွေကိုကျွန်တော်တို့အနီးကပ်လေ့လာနေမှာပါဟုလည်းဆိုခဲ့သည်။

စင်္ကာပူတွင် ယခုအချိန်ထိမျောက်ကျောက်လူနာပြည်တွင်းကူးစက်မှုလေးခုနှင့်ပြည်ပလူနာလေးဦးရှာဖွေတွေ့ရှိထားသည်။သူတို့ကနေတစ်ဆင့် တခြားလူတွေကိုကူးစက်တဲ့ အထောက်အထားတော့ မတွေ့ရသေးပါဘူးဟု ၎င်းကပြောသည်။

“MOH အနေဖြင့်လည်း အဆိုပါလူနာများ၏အနီးကပ် ထိတွေ့သူများကို ၂၁ ရက်အထိ သီးသန့်ခွဲထားကာ ကူးစက်နိုင်မှုအန္တရာယ်နည်းသောသူများကိုမူ ဖုန်းဖြင့်သာစောင့်ကြည့်နေသည်” ဟုဆိုသည်။

ကာကွယ်ဆေးမထိုးနှံခြင်းနှင့်ပတ်သက်၍ ဝန်ကြီးဌာန၏ဆုံးဖြတ်ချက်အပေါ် လွှတ်တော်သို့တင်ပြရာတွင် “ကိုဗစ်ကာကွယ်ဆေးနဲ့မတူဘဲ ကျောက်ကာကွယ်ဆေးထိုးခြင်းက မျောက်ကျောက်ရောဂါအတွက် ကြိုတင်ကာကွယ်မှုဗျူဟာအဖြစ် နိုင်ငံတကာအကြံပြုချက်များနှင့် ကမ္ဘာလုံးဆိုင်ရာ တုံ့ပြန်မှုများကယခုအချိန်အထိအကြံပြုထားခြင်းမရှိကြောင်း” ၎င်းက‌ပြောဆိုခဲ့သည်။

“ကျောက်ရောဂါကာကွယ်ဆေးသည် မျောက်ကျောက်ရောဂါကို ကာကွယ်ရန် ၈၅ ရာခိုင်နှုန်းအထိ ထိရောက်မှုရှိသော်လည်း၊ ၎င်းတွင် ပြင်းထန်သောဘေးထွက်ဆိုးကျိုးများရှိသည်” ဟုဝန်ကြီးကဆိုသည်။

“ကျောက်ကာကွယ်ဆေးထိုးလို့ မျောက်ကျောက်ကိုကာကွယ်နိုင်တာထက် အဲ့ဆေးထိုးတာကရမဲ့နောက်ဆက်တွဲက ပိုအလေးသာနေပါတယ်” ဟုဆိုခဲ့သည်။

ရောဂါလက္ခဏာများ ပြလာသောအခါတွင် အန္တရာယ်များသော လှုပ်ရှားမှုများကို ရှောင်ရှားကာ တစ်ကိုယ်ရည်သန့်ရှင်းရေးကိုဂရုစိုက်ခြင်းသည် သာမန်လူများတွင် ကူးစက်မှုအန္တရာယ်ကို လျှော့ချရန်အတွက်ထိရောက်မှုရှိသည်ဟုသိရှိရသည်။

Ref 1 CNA
Ref 2 AFP/kg (mi)


LEAVE A REPLY

Please enter your comment!
Please enter your name here