အင်ဒို-ပစိဖိတ်ကုန်သွယ်ရေးအွန်လိုင်းအစည်းအဝေးကို အမေရိကဦးဆောင်ကျင်းပမည်

0
224

အင်ဒို-ပစိဖိတ်ကုန်သွယ်ရေးအွန်လိုင်းအစည်းအဝေးကို အမေရိကဦးဆောင်ကျင်းပမည်

ဝါရှင်တန်၊ ဇူလိုင် ၂၄ ရက်

အမေရိကန်နိုင်ငံသည် အင်ဒို-ပစိဖိတ် စီးပွားရေး မူဘောင် (IPEF)၌ ပါဝင်ခဲ့သော နိုင်ငံပေါင်း ၁၄ နိုင်ငံမှ ကိုယ်စားလှယ်အရာရှိများနှင့် အွန်လိုင်းအစည်းအဝေးကို ဇူလိုင်လ ၂၆ ရက်နေ့ အင်္ဂါနေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဝါရှင်တန်သည် အာရှဒေသနှင့် စီးပွားရေးအရ ထိတွေ့ဆက်ဆံမှုများ ပိုမိုပြုလုပ်နိုင်ရန် ကြိုးပမ်းနေသောကြောင့် ယခုကဲ့သို့ အစည်းအဝေးကိုကျင်းပရခြင်းဖြစ်သည်။

အဆိုပါ ဝန်ကြီးအဆင့် အစည်းအဝေးပွဲကို အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ် ကက်သရင်းထိုင်း နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဂျီနာ ရေမွန်ဒိုက ဦးစီးကျင်းပသွားမည်ဖြစ်ကြောင်း ၎င်းတို့၏ရုံးများက တနင်္ဂနွေနေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် မေလ၌ တိုကျိုသို့သွားရောက်လည်ပတ်စဉ် အဆိုပါ စီးပွားရေးမူဘောင်ကို စတင်ခဲ့ပြီး အာရှတစ်ဝန်းရှိ သဘာဝပတ်ဝန်းကျင်၊ အလုပ်ရေးရာ နှင့် အခြားသောစံနှုန်းများကို မြှင့်တင်ရန် နည်းလမ်းတစ်ခုအဖြစ် အသုံးပြုလိုကြောင်း သိရသည်။

သမ္မတဟောင်း ဒေါ်နယ်ထရမ့်က နိုင်ငံစုံ ပစိဖိတ်ဖြတ်ကျော် ကုန်သွယ်ရေး သဘောတူညီချက်မှ နုတ်ထွက်ပြီးနောက်ပိုင်း ဝါရှင်တန်သည် အင်ဒို-ပစိဖိတ်ဒေသနှင့် စီးပွားရေးအရ ထိတွေ့ဆက်ဆံမှု ပြတ်တောက်ခဲ့သဖြင့် တရုတ်နိုင်ငံမှ ထိုဒေသအတွင်း ၎င်း၏ဩဇာလွှမ်းမိုးမှုကို ချဲ့ထွင်ရန် အခွင့်အရေးရခဲ့သည်။

အဆိုပါ IPEF အဖွဲ့ဝင်များတွင် အမေရိက၊ သြစတြေးလျ၊ ဘရူနိုင်း၊ ဖီဂျီ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှား၊ နူးဇီလန်၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်တို့ ပါဝင်သည်။

အင်္ဂါနေ့အစည်းအဝေးတွင် ဆွေးနွေးမည့် ခေါင်းစဉ်များမှာ ကုန်သွယ်ရေး၊ ကုန်ကြမ်း ထုတ်လုပ်ပို့ဆောင်ရေး၊ သန့်ရှင်းသော စွမ်းအင်၊ အခြေခံအဆောက်အဦ၊ အခွန်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးတို့ ပါဝင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Source: Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here