သဘာဝပတ်ဝန်းကျင်ကိုပူပန်မှုကြောင့် အီလွန်မက်စ်အား အင်ဒိုနီးရှား၏ နီကယ်သတ္တုလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှုမပြုရန် တိုက်တွန်း

0
127

သဘာဝပတ်ဝန်းကျင်ကိုပူပန်မှုကြောင့် အီလွန်မက်စ်အား အင်ဒိုနီးရှား၏ နီကယ်သတ္တုလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှုမပြုရန် တိုက်တွန်း

အစိုးရမဟုတ်သော အဖွဲ့အစည်းများ(NGOs)က တက်စ်ဆလာ အကြီးအကဲအီလွန်မက်စ်ထံ သဘာဝပတ်ဝန်းကျင်နှင့် စပ်လျဉ်း၍ စိုးရိမ်မှုများကြောင့် အင်ဒိုနီးရှားနိုင်ငံ၏ နီကယ်စက်မှုလုပ်ငန်း၌ ရင်းနှီးမြှုပ်နှံခြင်းမပြုရန် တိုက်တွန်းသည့် အိတ်ဖွင့်ပေးစာတစ်စောင်ကို ပေးပို့ခဲ့သည်။

အဆိုပါပေးစာသည် နီကယ်စက်မှုလုပ်ငန်းနှင့်ပတ်သက်၍ အလားအလာရှိသော ရင်းနှီးမြှုပ်နှံမှုများအား ဆွေးနွေးရန်အတွက် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုနှင့် အီလွန်မက်စ်တို့ မေလတွင် တက်စ်ဆပ်စ်မြို့၌ တွေ့ဆုံပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

အင်ဒိုနီးရှားသည် ကမ္ဘာ့အကြီးဆုံး နီကယ်သတ္တုရိုင်းများရှိရာ နိုင်ငံဖြစ်ပြီး ဝီဒိုဒိုသည် ၎င်း၏နိုင်ငံ၌ နီကယ်အခြေခံ လျှပ်စစ်ကားထုတ်လုပ်ရေး စက်မှုလုပ်ငန်းကို ချဲ့ထွင်ရန် စိတ်အားထက်သန်နေသည်။ ထို့ကြောင့် အစိုးရသည် ရင်းနှီးမြှုပ်နှံသူများအတွက် ကုန်ကြမ်းများ လုံလောက်မှုရှိစေရန် ၂၀၂၀ ပြ ည့်နှစ်မှစ၍ မသန့်စင်ရသေးသော နီကယ်သတ္တုရိုင်များ တင်ပို့မှုကို ပိတ်ပင်ခဲ့သည်။

သို့ရာတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်များက အဆိုပါ နီကယ်ထုတ်လုပ်ရေးတွင် သတ္တုတွင်းမှ စွန့်ပစ်ပစ္စည်းများ အားသမုဒ္ဒရာထဲသို့ စွန့်ပစ်သည့် လုပ်ငန်းစဉ် ပါဝင်မည်ကို စိုးရိမ်နေကြသည်။

NGO များ၏ ပေးစာတွင် နီကယ်သတ္တုတူးဖော်ရန် အတွက် သစ်တောအကျယ်အဝန်းပမာဏ အတော်များများကို ရှင်းလင်း အသုံးပြုရမည်ဖြစ်၍ သစ်တောပြုန်းတီးခြင်း နှင့် မြစ်၊ အင်းနှင့် ကမ်းခြေများတွင် ရေညစ်ညမ်းမှုအန္တရာယ်များ ကြီးမားစေမည်ဟု ရေးသားထားသည်။

ထို့အပြင် NGO များက အင်ဒိုနီးရှားရှိ နီကယ်စက်မှုလုပ်ငန်း၌ မည်သည့်တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အစီအစဉ်မျိုးကိုမဆို ရပ်ဆိုင်းပေးရန်နှင့် တက်စ်ဆလာ၏ လုပ်ငန်းများအတွက် အင်ဒိုနီးရှားတွင် နီကယ်အရင်းအမြစ် ထုတ်လုပ်ခြင်းကို ရပ်တန့်ပေးရန် အကြုံပြုထားသည်။

တက်စ်ဆလာဘက်မှမူ မှတ်ချက်ပေးရန် တောင်းဆိုမှုကို ချက်ချင်းတုံ့ပြန်ခြင်း မရှိခဲ့ပေ။ အင်ဒိုနီးရှားအစိုးရမူအပေါ် မှတ်ချက်ပေးရန် ဆက်သွယ်နိုင်ခဲ့ခြင်း မရှိခဲ့ချေ။

နီကယ်သတ္တုအား လျှပ်စစ်ကားထုတ်လုပ်ရာ၌ အသုံးပြုသည့် ဘက်ထရီများ၏ သိုလှောင်မှု အားပိုကောင်းလာစေရန်အတွက် အသုံးပြုနေသည်။ အစိုးရ၊ ကုမ္ပဏီများနှင့် သုံးစွဲသူများသည် လောင်စာသုံးယာဉ်များမှ ထုတ်လွှတ်သော အခိုးအငွေ့များကို လျှော့ချရန် ကြိုးပမ်းနေသောကြောင့် လျှပ်စစ်ကားများကိုအသုံးများလာမည်ဖြစ်သဖြင့် နီကယ်သည် လာမည့်နှစ်များအတွင်း ဝယ်လိုအားမြင့်တက်လာမည်ဟု မျှော်လင့်ရသည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here