သီရိလင်္ကာအကျပ်အတည်းက ဆေးရုံများကိုပိုမိုခက်ခဲစေ

0
282

သီရိလင်္ကာအကျပ်အတည်းက ဆေးရုံများကိုပိုမိုခက်ခဲစေ

ကိုလံဘို၊ဇူလိုင် ၂၆

သီရိလင်္ကာ၏ဆေးဝါးပြတ်လပ်မှုအကျပ်အတည်းက ဆေးရုံတက်နေသည့်လူနာများအတွက် ဆေးမရှိတော့ဘဲ ဆရာဝန်များလည်းလုပ်ငန်းခွင်မရောက်လာနိုင်တော့သည်အထိဖြစ်စေခဲ့သည်။

မကြုံစဖူးသော စီးပွားရေးအကျပ်အတည်းကြောင့် အစောပိုင်းကာလများ၌ တောင်အာရှအိမ်နီးချင်းများကပင် မနာလိုရသည်အထိ လွတ်လပ်ကောင်းမွန်သည့်ကျန်းမာရေးစောင့်ရှောက်မှုစနစ်သည်ထိခိုက်ခဲ့သည်။

နိုင်ငံတော်ဆေးရုံသည် ပုံမှန်အားဖြင့် နိုင်ငံတစ်ဝန်းရှိ အထူးကုဆရာဝန်များအားလိုအပ်သူများကိုကုသပေးခဲ့သော်လည်း ယခုအခါ ဝန်ထမ်းအင်အားလျှော့ချကာ ကုတင် ၃၄၀၀ အနက်အများအပြားကကို အသုံးမပြုနိုင်ဘဲ တိတ်ဆိတ်ခြောက်ကပ်နေခဲ့သည်။

ခွဲစိတ်ကိရိယာနှင့်အသက်ကယ်ဆေးဝါးများသည်လည်း ကုန်လုနီးပါးဖြစ်ကာ လောင်စာဆီပြတ်တောက်မှုကြောင့် ဆရာဝန်ရော လူနာများပါဆေးဝါးကုသမှုအတွက်အချိန်မီလာရောက်နိုင်ခြင်းမရှိကြ၍အသက်ဆုံးရှုံးမှုများဖြစ်ခဲ့ရသည်။

“ခွဲစိတ်ဖို့ စီစဉ်ထားတဲ့ လူနာတွေလဲပြန်အ‌ ကြောင်းမကြားကြတော့ပါဘူး” ဟု အစိုးရ ဆေးဘက်ဆိုင်ရာ အရာရှိများအသင်းမှ အဖွဲ့ဝင် ဒေါက်တာ Vasan Ratnasingham က AFP သို့ပြောကြားခဲ့သည်။

“တစ်ချို့ဝန်ထမ်းတွေက ကားရှိပေမဲ့ ‌ဆီမရှိလို့အလုပ်မဆင်းနိုင်ကြတော့ ဆင်းနိုင်တဲ့ဝန်ထမ်းတွေက အလုပ်ချိန်နှစ်ဆိုင်းဆက်တိုက်ဆင်းရတာမျိုးတွေတောင်ရှိပါတယ်” ဟုလည်း၎င်းကဆိုသည်။

“သာမန်အကိုက်အခဲပျောက်ဆေးများ၊ ပဋိဇီဝဆေးများနှင့် ကလေးများအတွက် ဆေးဝါးများ ပြတ်လပ်နေပြီး အခြားဆေးဝါးများလည်း လွန်ခဲ့တဲ့သုံးလအတွင်း လေးဆအထိဈေးတက်သွားတယ်” ဟု ဆေးဆိုင်ပိုင်ရှင် K Mathiyalagan က AFP သို့ပြောကြားခဲ့သည်။

၎င်းကသူ့လုပ်ဖော်ကိုင်ဖက်တွေလည်း ဆေးစာ ၁၀ စောင်မှာ ၃ စောင်လောက်ကပေးစရာဆေးမရှိလို့ ငြင်းလိုက်ရကြောင်း ပြောခဲ့သည်။”အခြေခံဆေးဝါးတွေက တော်တော်များများ ကုန်သွားပြီးဆေးဆိုင်တွေမှာ ဘာဆေးရနိုင်လဲမသိဘဲ ဆရာဝန်တွေကညွှန်ကြားလိုက်ရတယ်”ဟုလည်းဆိုသည်။

နိုင်ငံ့လူဦးရေ၏ ကိုးဆယ်ရာခိုင်နှုန်းလောက် မှီခိုနေရသော ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု၏လက်ရှိအခြေနေအသေးစိတ်ကို ပြောပြရန်ကိုကား သက်ဆိုင်ရာတာဝန်ရှိသူများကငြင်းဆိုခဲ့သည်။

သို့သော်အစိုးရဆေးရုံများ၌ အလုပ်လုပ်နေသည့် ဆရာဝန်များကမူ “အသက်အန္တရာယ်ရှိတဲ့ အရေးပေါ်အခြေအနေတွေကို ဦးစားပေးလုပ်ဆောင်တယ်။ ထိရောက်မှုနည်းတဲ့ အစားထိုးဆေးဝါး‌ေတွကိုသုံးပြီး ပုံမှန်ခွဲစိတ်မှုတွေကို ကန့်သတ်ရပ်ဆိုင်းခိုင်းထားရတယ်”ဟုဆိုသည်။

“သီရိလင်္ကာ၏ တစ်ချိန်က‌ေကာင်းမွန်သောကျန်းမာရေးစောင့်ရှောက်မှုစနစ်သည် ယခုအခါတွင်အန္တရာယ်ရှိနေပြီးအ ထိခိုက်လွယ်ဆုံးသူများသည် အကြီးမားဆုံးသော သက်ရောက်မှုကို ရင်ဆိုင်နေရသည်” ဟုကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး Hanaa Singer – Hamdy ကသတင်းထုတ်ပြန်ချက်တွင်ပြောကြားခဲ့သည်။ 

ကမ္ဘာ့ဘဏ်သည် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးအပါအဝင် အရေးပေါ်လိုအပ်နေသော ဆေးဝါးများအတွက် သီရိလင်္ကာနိုင်ငံကို ကူညီရန်ဖွံ့ဖြိုးရေးရန်ပုံငွေများကို ပြောင်းလဲအသုံးပြုရန် မကြာသေးမီကလမ်းညွှန်ခဲ့သည်။

အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန်နှင့် အခြားနိုင်ငံများသည် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအတွက် အလှူငွေများ ပံ့ပိုးပေးလျက်ရှိပြီး ပြည်ပတွင်နေထိုင်သော သီရိလင်္ကာနိုင်ငံသားများကမူ အိမ်သုံးဆေးဝါးများနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများ ပေးပို့ခြင်းဖြင့် လှူဒါန်းမှုများပြုလုပ်ခဲ့ကြသည်။

သို့သော် သမ္မတအသစ် Ranil Wickremesinghe က နိုင်ငံ၏စီးပွားရေးအကျပ်အတည်းသည် လာမည့်နှစ်ကုန်အထိ ဆက်ဖြစ်နိုင်ဖွယ်ရှိကြောင်းနှင့် သီရိလင်္ကာသည် လာမည့်နှစ်တွင် ပိုမိုဆိုးရွားသော ပြည်သူ့ကျန်းမာရေးအကျပ်အတည်းဖြစ်လာမည့် အလားအလာရှိကြောင်းပြောကြားခဲ့သည်။

ငွေကြေးဖောင်းပွမှုသည် အစားအသောက်ဈေးနှုန်းများ မြင့်မားလာခြင်းကြောင့် အိမ်ထောင်စုများစွာသည် ထမင်းနပ်မှန်အောင်ပင်မနည်းရုန်းကန်နေကြရသည်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်အရ လူငါးသန်းနီးပါး (လူဦးရေ၏ ၂၂ ရာခိုင်နှုန်း) သည် စားနပ်ရိက္ခာအကူအညီ လိုအပ်နေပြီး မိသားစုခြောက်စုလျှင် ငါးစုကျော်သည် အစားရှောင်ခြင်း၊ လျှော့စားခြင်း သို့မဟုတ် အရည်အသွေးနိမ့်သောအစားအစာများ ဝယ်ယူခြင်းတို့ပြုလုပ်နေရကြောင်းသိရှိရသည်။

အကယ်၍ အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေပါက “မွေးကင်းစကလေးသေဆုံးမှုပိုများလာမည်ဖြစ်ပြီး အာဟာရချို့တဲ့မှုလည်းများပြားလာမည်” ဟု ဆေးဘက်ဆိုင်ရာ အရာရှိများအသင်းမှ ဒေါက်တာ Vasan က AFP သို့ပြောကြားခဲ့သည်။

“ဒီအဖြစ်က ကျွန်တော်တို့ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ပြိုပျက်သွားအောင် လုပ်လိမ့်မယ်” ဟုလည်း ၎င်းကဆိုခဲ့သည်။

Source – AFP/fh


LEAVE A REPLY

Please enter your comment!
Please enter your name here