အင်ဒိုသမ္မတနှင့်တရုတ်သမ္မတ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးမြှင့်တင်ရန် ကတိပြု

0
96

အင်ဒိုသမ္မတနှင့်တရုတ်သမ္မတ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးမြှင့်တင်ရန် ကတိပြု

ဂျာကာတာ၊ဇူလိုင် ၂၇

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုသည် ၎င်း၏ သုံးရက်ကြာ အလုပ်သဘောခရီးစဉ် ပထမအကျော့ဖြစ်သည့် အရှေ့မြောက်အာရှခရီးစဉ်အတွင်း တရုတ်သမ္မတရှီနှင့် အင်္ဂါနေ့ (ဇူလိုင် ၂၆ ရက်) တွင် ပေကျင်း၌တွေ့ဆုံခဲ့သည်။

တင်းကျပ်သော “ကိုဗစ်မူဝါဒ”ချမှတ်ထားသောကြောင့်နိုင်ငံရပ်ခြားမှ တာဝန်ရှိသူများ အကန့်အသတ်ဖြင့် သာလာရောက်နေရချိန်တွင် မစ္စတာဝီဒိုဒိုသည် ဖေဖော်ဝါရီလက ကျင်းပခဲ့သော ဆောင်းရာသီအိုလံပစ်ပွဲနောက်ပိုင်း တရုတ်နိုင်ငံသို့ ပထမဆုံးလာရောက်သည့် နိုင်ငံခြားခေါင်းဆောင်တစ်ဦးဖြစ်လာခဲ့သည်။

ယခုခရီးစဉ်သည် နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်မှုကို အားခိုင်မာစေမည်ဟု မျှော်လင့်ကြောင်း သမ္မတဝီဒိုဒိုက ပြောကြားခဲ့သည်။

“တရုတ်သည် အင်ဒိုနီးရှား၏ ဘက်စုံမဟာဗျူဟာ မိတ်ဖက်နိုင်ငံဖြစ်ကာ ကျွန်ုပ်တို့နိုင်ငံအတွက်သာမက ဒေသတွင်းနှင့် ကမ္ဘာတစ်ဝန်းအတွက်ပါ အကျိုးရှိသောပူးပေါင်း ဆောင်ရွက်မှုများကို လက်တွဲလုပ်ဆောင်နိုင်ရန် ၎င်းနှင့်ဆက်ဆံရေးမြှင့်တင်ရမည်” ဟုဂျိုကိုဝီကပြောကြားခဲ့သည်။

နှစ်နိုင်ငံ အကျိုးစီးပွား၊ ဘုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကိုကြိုးပမ်း‌​နေသည့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စံနမူနာအဖြစ် တရုတ် – အင်ဒို ပူးပေါင်းဆက်ဆံ‌ ရေးကို ဖော်ဆောင်ရန်ယေဘုယျ ဦးတည်ချက်တစ်ရပ်ကို သမ္မတနှစ်ဦးစလုံးက သဘောတူညီခဲ့ကြသည်။

တရုတ်-အင်ဒိုနီးရှား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှု အကောင်အထည်ဖော်ရေး ငါးနှစ်တာစီမံချက်အသစ်ကို အရှိန်မြှင့်ရန်လည်းနှစ်နိုင်ငံ သဘောတူညီခဲ့ကြသည်။

၎င်းတို့သည် ရပ်ဝန်းနှင့်လမ်းမစီမံကိန်း (BRI) နှင့် Global Maritime Fulcrum (GMF) တို့တွင်ပူးပေါင်းဆောင်ရွက်ပြီး ဂျာကာတာ-ဘန်ဒေါင်း အမြန်ရထားလမ်းကို ထင်ရှားကျော်ကြားသည့်စီမံကိန်းတစ်ခုအဖြစ် အချိန်ဇယားဖြင့် အပြီးသတ်ရန်လည်းကတိပြုခဲ့ကြသည်။

ထို့ပြင် တရုတ်နှင့် အင်ဒိုနီးရှားတို့သည် ပညာရေး၊ခရီးသွားလုပ်ငန်းအပါအဝင်လူငယ်နှင့် ပြည်တွင်းနှီးနှောဖလှယ်ပွဲ များပိုမိုကျင်းပကာ နိုင်ငံသူ၊နိုင်ငံသားချင်း ရင်းနှီးသည့်ဆက်ဆံရေးရှိစေရန်လည်း အရှိန်မြှင့်ဆောင်ရွက်သွားမည်ဟု သိရှိရသည်။

ကာကွယ်ဆေးနှင့် မျိုးဗီဇဆိုင်ရာ သုတေသနဖွံ့ဖြိုးရေးနှင့် ထုတ်လုပ်မှုတို့အတွက် ဒေသတွင်းကာကွယ်ဆေးဌာန တစ်ခုထူထောင်ရန် အင်ဒိုနီးရှား၏ကြိုးပမ်းအားထုတ်မှုကို တရုတ်နိုင်ငံမှပံ့ပိုးကူညီမည်ဖြစ်ကြောင်းအဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍လည်း နှစ်နိုင်ငံစလုံးက ဆောင်ရွက်နေပြီး ယမန်နှစ် တရုတ်-အာဆီယံဆက်ဆံ‌ရေးဆွေးနွေးမှုနှစ် ၃၀ ပြည့် အထိမ်းအမှတ်အဖြစ် တရုတ်-အာဆီယံ အထူးထိပ်သီးအစည်းအဝေးတွင် ရရှိခဲ့သည့် သဘောတူညီမှုကို အကောင်အထည်ဖော်ရန်လည်း ထပ်မံကတိပြုခဲ့ကြသည်။

၎င်းတို့သည် ပွင့်လင်းသော ဒေသဆိုင်ရာဝါဒကို လက်ကိုင်ပြုကာ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ သာယာဝပြောရေး၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ချစ်ကြည်ရေးတို့အတွက် တရုတ်-အာဆီယံ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို တိုးတက်စေမည်ဖြစ်သည်။

ပူးတွဲကြေညာချက်အရ တရုတ်နိုင်ငံသည် တိုးတက်ပြောင်းလဲနေသော အာဆီယံဗဟိုချုပ်ကိုင်မှုကို ထောက်ခံကြောင်း ထပ်မံအတည်ပြုပြီး ၂၀၂၃ ခုနှစ်တွင် အင်ဒိုနီးရှား၏ အာဆီယံဥက္ကဋ္ဌတာဝန်ကို ပံ့ပိုးပေးမည်ဖြစ်သည်။

တချိန်တည်းမှာပင် အင်ဒိုနီးရှားကလည်းတွေ့ဆုံဆွေးနွေးခြင်းနှင့် သံတမန်ရေးအရ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး အာမခံချက်များတွင် တရုတ်နှင့်လက်တွဲဆောင်ရွက်ရန် အသင့်ရှိကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

အထူးသဖြင့် ကာကွယ်ဆေးနှင့်မျိုးရိုးဗီဇဆိုင်ရာ သုတေသနဖွံ့ဖြိုးတိုးတက်ရေး နှင့် ဆိုက်ဘာလုံခြုံမှုစွမ်းရည်မြှင့်တင်ရေး စသည့် နယ်ပယ်များတွင်လည်း နားလည်မှုစာချွန်လွှာ (MoU) အများအပြားကို အသစ်ပြန်လည်ချုပ်ဆိုခဲ့ကြသည်။

အင်ဒိုနီးရှားသည် လက်ရှိတွင် G20 စီးပွားရေးအုပ်စု၏ အလှည့်ကျဥက္ကဋ္ဌဖြစ်ပြီး ဂျိုကိုဝီသည် ယခုနိုဝင်ဘာလတွင် ဘာလီတွင်ကျင်းပမည့် G20 ခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန်လည်း တရုတ်ခေါင်းဆောင်အား ဖိတ်ကြားခဲ့သည်။

ကိုဗစ်ကပ်ရောဂါဖြစ်ပွားပြီးကတည်းက တရုတ်နိုင်ငံမှ ထွက်ခွာခြင်းမရှိသော မစ္စတာရှီကမူ အင်ဒိုနီးရှား၏ G 20 ဥက္ကဌရာထူးကို တရုတ်နိုင်ငံကထောက်ခံပြီး ထိပ်သီးအစည်းအဝေး အောင်မြင်စေရန်ဆန္ဒပြုကြောင်းကိုသာပြောကြားခဲ့သည်။

သမ္မတဂျိုကိုဝီသည် တရုတ်မှတစ်ဆင့် ဗုဒ္ဓဟူးနေ့တွင် ဂျပန်သို့ဆက်လက်ထွက်ခွာကာ ဝန်ကြီးချုပ် ဖူမီရိုကီရှီဒါ အပါအဝင် တိုကျိုရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံရန် မျှော်လင့်ထားပြီး ၎င်း၏ခရီးစဉ်နောက်ဆုံးတွင် တောင်ကိုရီးယားသို့ သွားရောက်မည်ဖြစ်သည်။

Source – CNA/ks(ih)


LEAVE A REPLY

Please enter your comment!
Please enter your name here