ပုပ္ပါးတောင် ဒေသကို အမျိုးသားအဆင့် ဘူမိဥယျာဉ်အဖြစ် သတ်မှတ်တည်ထောင်မည်

0
1018

ပုပ္ပါးတောင် ဒေသကို အမျိုးသားအဆင့် ဘူမိဥယျာဉ်အဖြစ် သတ်မှတ်တည်ထောင်မည်


ပုပ္ပါးတောင် ဒေသအား အမျိုးသားအဆင့် ဘူမိဥယျာဉ်အဖြစ်သတ်မှတ်တည်ထောင်သွားနိုင်ရေး ဆောင်ရွက်နေကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သိရသည်။

ယင်းသို့ ဆောင်ရွက်ရခြင်းမှာ UNESCO ၏ ကမ္ဘာ့အဆင့် ကမ္ဘာ့ဘူမိဥယျာဉ်အဖြစ် အဆိုပြုနိုင်ရေး ကနဦး ဆောင် ရွက်ချက်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်း ကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပြောသည်။

ဇူလိုင်လ (၂၇) ရက် နံနံပိုင်းက နေပြည်တော်ရှိ သစ်တောဦးစီးဌာနတွင် ပြုလုပ်သည့် အမျိုးသားအဆင့် ဘူမိဥ ယျာဉ်ဆိုင်ရာကော်မတီ အစည်းအဝေးတွင် ဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကမ္ဘာ့ဘူမိဥယျာဉ်အဖြစ် သတ်မှတ်ခံရနိုင်ရေးအတွက် အလားအလာကောင်းသည့်နေရာ အများအပြားရှိသည့်အနက် ပုပ္ပါးတောင်ဒေသသည် အထူးခြားဆုံး ဒေသဖြစ်ကြောင်း သိရသည်။

အဆိုပါ ပုပ္ပါးတောင် ဒေသတွင် ထူးခြားသော ကျောက် ဖြစ်ရုပ်ကြွင်းများ၊ ပုဂံခေတ်ရှေးဟောင်း သံချက်ဖိုများ၊ ထူးခြားသော ဇီဝမျိုးစုံမျိုးကွဲများနှင့် အစွယ်(၂)ထပ်ဆင် ၏ ကျောက်ဖြစ်ရုပ်ကြွင်း မေးရိုးများရှိကြောင်း သယံဇာ တနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သိရသည်။

 ပုပ္ပါးတောင် ဒေသအား ကမ္ဘာ့အဆင့် ဘူမိဥယျာဉ်အဖြစ် အဆိုမပြုမီ အမျိုးသားအဆင့် ဘူမိဥယျာဉ်အဖြစ် ဦးစွာသတ်မှတ်နိုင်ရေး ဆောင်ရွက်မည်ဖြစ်ပြီး အဆိုပါ ပုပ္ပါးတောင် အမျိုးသား ဘူမိဥယျာဉ်ကို ဘူမိနယ်မြေ (၁၄) ခုဖြင့် ကနဦး တည်ထောင်ရန် လျာထားကြောင်းလည်း သိရသည်။

UNESCO အနေဖြင့် ကမ္ဘာ့ဘူမိ ဥယျာဉ် အစီအစဉ်ကို ၂၀၀၁ ခုနှစ်တွင် စတင်ခဲ့ပြီး နိုင်ငံပေါင်း (၄၆) နိုင်ငံ၌ ကမ္ဘာ့ဘူမိဥယျာဉ် (၁၇၇) ခု သတ်မှတ်ထားပြီးဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here