မဟာဓာတ်အားလိုင်းနှင့်တာဝါတိုင်များအား ပြင်ဆင်ပြုပြင်နေရသဖြင့် ရန်ကုန်တိုင်းအတွင်း၌ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားပြန်ပေးနေ

0
276

မဟာဓာတ်အားလိုင်းနှင့်တာဝါတိုင်များအား ပြင်ဆင်ပြုပြင်နေရသဖြင့် ရန်ကုန်တိုင်းအတွင်း၌ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားပြန်ပေးနေ

230kV မန်စံ-ရွှေစာရံ မဟာဓာတ်အားလိုင်းယိုင်သွားခြင်းနှင့်ဇောတိကပိုက်လိုင်းများ ပြန်လည်ပြုပြင် ပြင်ဆင်နေသဖြင့် အလှည့်ကျမီးပေးစနစ်အား ရန်ကုန်တိုင်းအတွင်း၌ ပြန်ပေးနေရသည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ သိရသည်။

“ကျွန်တော်တို့အများဆုံးရတဲ့ ဝန်အားကနည်းသွားတဲ့အတွက် အလှည့်ကျမီးပေးစနစ်ကို ခဏပြန်ပြီးတော့လုပ်ထားတာပါ ဓာတ်အားပြန်များလာရင် ပြန်ပေးသွားမှာပါ ခဏပါပဲ”ဟု YESC မှတာဝန်ရှိသူတစ်ဦးကပြောသည်။

ထိုသို့ ပြန်လည်ပြုပြင် ပြင်ဆင်နေသဖြင့် အလှည့်ကျမီးပေးစနစ်အား ပြန်လည်ပြုလုပ်ထားရခြင်းဖြစ်ကာ ယခင်အတိုင်း ဓာတ်အားအပြည့်အဝပြန်လည်ရရှိရန် တစ်ပတ်ခန့်သာကြာမြင့်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အလှည့်ကျမီးပေးစနစ်အား ဇူလိုင် ၂၉ ရက်နံနက်ပိုင်းမှစတင်ကာ အုပ်စု A ၌ကျရောက်သည့်မြို့နယ်များသည် နံနက် ၉ နာရီမှ နေ့လည် ၁ နာရီအထိ အုပ်စု B ၌ကျရောက်သည့် မြို့နယ်များသည် နေ့လည် ၁ နာရီမှညနေ ၅ နာရီအထိ လျှပ်စစ်ဓာတ်အား ရရှိမည်ဖြစ်ကြောင်း YESC Thingangyun ၏ထုတ်ပြန်ကြေညာချက်အရ သိရသည်။

ဇူလိုင် ၂၈ ရက်ညနေ ၅ နာရီခန့်မှစတင်၍ 230kV မန်စံ-ရွှေစာရံ မဟာဓာတ်အားလိုင်း၏ တာဝါတိုင်အမှတ်(၆၁၃)သည် ယိုင်နဲ့ခဲ့သဖြင့် ရွှေလီဓာတ် အားထုတ်စက်မှ လျှပ်စစ်ဓာတ်အားပို့လွှတ်ပေးနိုင်မှု(300)MW ခန့် လျော့နည်းလျက်ရှိခြင်းဖြစ်သည်။

ထို့ကြောင့် ရန်ကုန်တိုင်းအတွင်း၌ ဓာတ်အားစနစ်တည်ငြိမ်မှုရှိစေရန် အလှည့်ကျမီးပေးစနစ်အားပြန်လည်ပြုလုပ်ရခြင်းဖြစ်ကာ အရေးကြီးနေရာများတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှု မရှိစေရန် အလေးထားဆောင်ရွက်လျက်ရှိသည်ဟု YESC မှထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here