ပြင်သစ်သမ္မတ မက်ခရွန် ဆော်ဒီမင်းသားကို ပါရီရှိ အယ်လစ်ဆီနန်းတော်တွင် လက်ခံတွေ့ဆုံ

0
207

ပြင်သစ်သမ္မတ မက်ခရွန် ဆော်ဒီမင်းသားကို ပါရီရှိ အယ်လစ်ဆီနန်းတော်တွင် လက်ခံတွေ့ဆုံ

ပါရီ၊ ဇူလိုင် ၂၈ ရက်

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ဆော်ဒီအိမ်ရှေ့စံမင်းသား မိုဟာမက် ဘင် ဆယ်လ်မန်အား ပါရီမြို့၌ ဇူလိုင်လ ၂၈ ရက်နေ့ ကြာသပတေးနေ့တွင် လက်ခံတွေ့ဆုံခဲ့သည်။

ယူကရိန်းအရေးအခင်းနှင့် အီရန် နျူကလီးယား သဘောတူညီချက်ကို ပြန်လည်အသက်သွင်းမည့် ဆွေးနွေးပွဲများ ရပ်ဆိုင်းနေချိန်အတွင်း ဆော်ဒီအာရေးဗျနိုင်ငံနှင့် ဆက်ဆံပြန်လည်ထူထောင်ရန် ကြိုးပမ်းမှုအနေဖြင့်တွေ့ဆုံခြင်းဖြစ်သည်။

မက်ခရွန်သည် ဆော်ဒီမင်းသားအား အလုပ်သဘော ညစာစားပွဲမတိုင်မီ ပြင်သစ်သမ္မတ၏ တရားဝင်နေထိုင်ရာ အယ်လစ်ဆီ နန်းတော်၏ လှေကားရှေ့တွင် အချိန်အတန်ကြာ လက်ဆွဲနှုတ်ဆက်ခြင်းဖြင့် ကြိုဆိုခဲ့သည်။

ပြင်သစ် အတိုက်အခံပုဂ္ဂိုလ်များနှင့် လူ့အခွင့်အရေးအဖွဲ့များက ထင်ရှားသော ဆော်ဒီသတင်းထောက် ဂျမော ခရှိုဂျီကို လုပ်ကြံရန် အမိန့်ပေးသည်ဟု ယူဆထားသော ဆော်ဒီမင်းသားကို အယ်လစ်ဆီ နန်းတော်တွင် ညစာစားရန် လက်ခံခဲ့သည့် မက်ခရွန် ၏ ဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့သည်။

ဆော်ဒီမင်းသားသည် ဆော်ဒီအာရေးဗျနိုင်ငံ၌ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တွေ့ဆုံဆွေးနွေးပြီး နှစ်ပတ်အကြာတွင် ပြင်သစ်သို့ ရောက်ရှိလာခြင်းဖြစ်သည်။

အနောက်နိုင်ငံများသည် အီရန်၊ ရုရှားနှင့် တရုတ်တို့၏ ဒေသတွင်းလွှမ်းမိုးမှုကြီးမားလာခြင်းကို တန်ပြန်ရန် ကြိုးပမ်းသည့်အနေဖြင့် ပင်လယ်ကွေ့ရှိ ရေနံ အင်အားကြီးနိုင်ငံဖြစ်သည့် ဆော်ဒီအာရေးဗျနှင့် ဆက်ဆံရေး ပြန်လည်ထူထောင်ရန် စိတ်အားထက်သန်လျက်ရှိသည်။

ပြင်သစ်နှင့် အခြားဥရောပနိုင်ငံများသည်လည်း ရုရှား-ယူကရိန်း အရေးအခင်း စတင်ပြီး နောက်ပိုင်း ၎င်းတို့၏ စွမ်းအင်အရင်းအမြစ်များကို နေရာအမျိုးမျိုးမှ ပြောင်းလဲရယူရန် ကြိုးပမ်းနေကြသည်။

မက်ခရွန်အနေဖြင့် ကမ္ဘာ့အကြီးဆုံးရေနံတင်ပို့သည့် နိုင်ငံဖြစ်သည့် ဆော်ဒီထံမှ ရေနံဝယ်ယူနိုင်ရန်အတွက် ၎င်း၏ ရေနံထုတ်လုပ်မှုကို မြှင့်တင်စေချင်သည်။

အဆိုပါတွေ့ဆုံမှုတွင် မက်ခရွန်သည် လူ့အခွင့်အရေးဆိုင်ရာ မေးခွန်းများ၊ ရေနံထုတ်လုပ်မှုနှင့် အီရန် နျူကလီယားသဘောတူညီချက်တို့နှင့် ပတ်သက်၍ ဆွေးနွေးသွားမည် ဖြစ်ကြောင်း ပြင်သစ်သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

သို့သော် ၎င်းတို့နှစ်ဦးကမူ မည်သည့်မှတ်ချက်မျှမ‌ပေးခဲ့ချေ။

Source: Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here