ဒဂုံတောင်ပိုင်းမြို့နယ်ရှိ ကားမှတ်တိုင်တစ်ခုတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား၍ ၄ ဦးဒဏ်ရာရ

0
311

ဒဂုံတောင်ပိုင်းမြို့နယ်ရှိ ကားမှတ်တိုင်တစ်ခုတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား၍ ၄ ဦးဒဏ်ရာရ

ရန်ကုန်တိုင်း၊ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၁၇ ရပ်ကွက်၊အမှတ် ၂ လမ်းမကြီးပေါ်ရှိ နတ်စင်ကားမှတ်တိုင်တွင် ဇူလိုင် ၃၁ ရက်(ယနေ့)နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့နံနက် ၉ နာရီခန့်က နတ်စင်ကားမှတ်တိုင်ရှိ ခရီးသည်များထိုင်၍ ကားစောင့်သည့်ထိုင်ခုံအောက်မှ ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ကာ YBS ကားစီးရန်စောင့်ဆိုင်းနေသည့် အမျိုးသား ၃ ဦးနှင့်အမျိုးသမီး ၁ ဦးတို့ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“ဒဏ်ရာရတဲ့လူတွေက ကိုသန်းဝင်း၊ကိုဟန်ဝင်းငြိမ်း၊ကိုကျော်မင်းနိုင်နဲ့မဖြူသွယ်အေးတို့ပါ ၂ ယောက်ကဒဏ်ရာပြင်းတယ် ၂ ယောက်ကတော့သိပ်မပြင်းထန်ပါဘူး”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၄ ဦးအားလူနာတင်ကားများဖြင့် ဆေးကုသမှုခံယူရန် ဆေးရုံသို့ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။

“ကျွန်တော်စီးတဲ့လိုင်းကားက မှတ်တိုင်ကနေထွက်ပြီးသိပ်မကြာဘူး ပေါက်ကွဲတဲ့အသံအကျယ်ကြီးကြားလိုက်ရတာ မှတ်တိုင်မှာကျန်ခဲ့တဲ့လူတွေလည်း လဲကျသွားတာတွေ့လိုက်တယ်”ဟု ဒဂုံတောင်ပိုင်းမြို့နယ်နေ ကိုဝင်းသူကပြောသည်။

အခင်းဖြစ်ပွားခဲ့သည့် နတ်စင်ကားမှတ်တိုင်အား လုံခြုံရေးအဖွဲ့ဝင်များက လာရောက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here