ဂတ်စ်ဖြည့်ရန်စောင့်ဆိုင်းနေသည့် YBS 94 ခိုးယူခံခဲ့ရပြီး ခိုးယူမောင်းနှင်သူမှယာဥ်တိုက်မှုများဖြစ်ပွားရာ ၁၂နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ၃ ဦးသေဆုံး

0
423

ဂတ်စ်ဖြည့်ရန်စောင့်ဆိုင်းနေသည့် YBS 94 ခိုးယူခံခဲ့ရပြီး ခိုးယူမောင်းနှင်သူမှယာဥ်တိုက်မှုများဖြစ်ပွားရာ ၁၂နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ၃ ဦးသေဆုံး

ရန်ကုန်တိုင်း၊ရွှေပြည်သာ မြို့နယ်၊ရွှေပြည်သာကွေ့ရှိ CNG ဆိုင်တွင် ဂတ်စ်ဖြည့်ရန်စောင့်ဆိုင်းနေသည့် YBS 94 သည် သြဂုတ် ၂ ရက်(ယနေ့) နံနက်အစောပိုင်းက ခိုးယူခံခဲ့ရသည်ဟု လူထုမိတ်ဆွေပြည်သူ့အကျိုးပြုယာဥ်လိုင်းနှင့်လူမှုကူညီရေးအသင်းများမှ သိရသည်။

ယနေ့နံနက် ၃ နာရီခွဲကျော်က YBS 94 ယာဥ်လိုင်းမှ ယာဥ်အမှတ်-2P/7221 ကားသည် ရွှေပြည်သာကွေ့ရှိ CNG ဆိုင်၌ ဂတ်စ်ဖြည့်ရန်သွားရောက်ခဲ့ပြီး ကားမောင်းသူမှကားအား ခနရပ်၍ ၎င်းရှေ့ရှိကားအား သွားရောက်မေးမြန်းခဲ့သည်။

ထိုသို့ မေးမြန်းနေစဥ် အမျိုးသားတစ်ဦးမှကားအားမောင်းနှင်ထွက်ပြေးသွားခဲ့သဖြင့် လိုက်လံရှာဖွေရာ ဂျပန်လမ်းမှတ်တိုင်အနီးတွင် လမ်းပြောင်းပြန်အနေအထားဖြင့် ဓာတ်တိုင်များဝင်တိုက်ကာ ရပ်တန့်နေသည်ကို ရှာဖွေတွေ့ရှိခဲ့ရသည်။

ထို့ပြင် YBS 94 အားမောင်းနှင်ထွက်ပြေးသွားသူသည် ဒညင်းကုန်းလမ်းဆုံတွင်လည်း အခြားကားတစ်စီးအားတိုက်ခဲ့သည်ဟု လူထုမိတ်ဆွေပြည်သူ့အကျိုးပြုယာဥ်လိုင်းမှ သိရသည်။

အဆိုပါ YBS 94 သည် ဒညင်းကုန်းလမ်းဆုံအနီး
ဒညင်းကုန်းစျေးဘက်မှခရေပင်လမ်းခွဲဘက်သို့ မောင်းနှင်လာသည့် Light Truck ကားအားတိုက်မိခဲ့သဖြင့် အသက်(၁၂)နှစ်အရွယ်ရှိ ကလေးတစ်ဦးမှာ အခင်းဖြစ်နေရာ၌သေဆုံးကာ ၃ ဦးထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် ကြယ်စင်မေတ္တာလူမှုကူညီရေးအသင်းနှင့်ရွှေမေတ္တာလူမှုကူညီရေးအသင်းတို့မှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ထို့အတူ YBS 94 သည် ဖော့ကန် ပြည်တော်သာ ရခိုင်ဘုန်းကြီးကျောင်းရှေ့၌ ဓာတ်တိုင်အားဝင်တိုက်ခဲ့ပြီး ယင်းဖြစ်စဥ်တွင်လည်း အမျိုးသမီး ၁ ဦးသေဆုံးခဲ့သဖြင့် ရွှေမေတ္တာလူမှူကူညီရေးအသင်းမှ ကူညီပေးခဲ့ကြောင်း သိရသည်

ဆေးရုံသို့ပို့ဆောင်ပေးခဲ့သည့် ထိခိုက်ဒဏ်ရာရရှိသူ ၃ ဦးအနက် အမျိုးသား ၁ ဦးမှာ ဆေးကုသမှုခံယူနေစဥ် ထပ်မံသေဆုံးသွားခဲ့ကြောင်း သိရသည်။


အဆိုပါ မောင်းနှင်ထွက်ပြေးသွားသူအား ရပ် ကွက်နေသူများမှ ဝိုင်းဝန်းဖမ်းဆီးပေးခဲ့ကြသဖြင့် ရွာမယာဉ်မှုစစ်ရုံး၌ ထိန်းသိမ်းထားသည်ဟု လူထုမိတ်ဆွေပြည်သူ့အကျိုးပြုယာဥ်လိုင်းမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here