အင်ဒိုနီးရှား နှင့် အမေရိက ‘ဂဠုန်ဒိုင်း’ စစ်ရေးလေ့ကျင့်မှုစတင်
ဂျကာတာ၊ဩဂုတ် ၂
အင်ဒိုနီးရှား နှင့် အမေရိကန်တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာတို့သည် နှစ်ပတ်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို တနင်္လာနေ့တွင် စတင်ခဲ့ပြီး လွတ်လပ်၍ပွင့်လင်းသည့် အာရှ-ပစိဖိတ်ဒေသကိုပံ့ပိုး၍ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန်ရည်ရွယ်သည်ဟု ဝါရှင်တန်ကဆိုသည်။
ယခုစစ်ရေးလေ့ကျင့်မှုသည် ယခင်ကထက် သိသိသာသာကြီးကျယ်ပြီး အမေရိကနှင့် ၎င်း၏အာရှမဟာမိတ်များက ပစိဖိတ်ဒေသ၌ တရုတ်၏ခိုင်မာ အားကောင်းလာမှုအပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုနေကြသော်လည်း မည်သည့်နိုင်ငံကိုမျှ ရည်ရွယ်ခြင်းမဟုတ်ကြောင်း ဝါရှင်တန်ကပြောကြားခဲ့သည်။
“ဂဠုန်ဒိုင်း” ဟု လူသိများသော နှစ်စဉ်စစ်ရေးလေ့ကျင့်မှုတွင် အမေရိကနှင့် အင်ဒိုနီးရှားမှအနည်းဆုံးစစ်သား ၄,၀၀၀ တို့နှင့်အတူ သြစတြေးလျ၊စင်္ကာပူ နှင့် ဂျပန်တို့မှတပ်ဖွဲ့များလည်း ပထမဆုံးအကြိမ်အနေဖြင့် ပါဝင်ပူးပေါင်းမည်ဖြစ်သည်။
အဆိုပါ စစ်ရေးလေ့ကျင့်မှုအား အင်ဒိုနီးရှားနိုင်ငံအနောက်ဘက်ရှိ ဆူမားတြားကျွန်းနှင့် စင်္ကာပူ၊မလေးရှားနိုင်ငံတို့အနီးရှိ အင်ဒိုနီးရှား၏ဒေသတစ်ခုဖြစ်သော ရီယိုကျွန်းစုတွင် ပြုလုပ်နေခြင်းဖြစ်သည်။
“ဒါဟာ ယုံကြည်မှု၊စည်းလုံးညီညွတ်မှု၊အပြန်အလှန်နားလည်မှုတည်ဆောက်ဖို့အပါအဝင် စွမ်းရည်မြှင့်တင်မှုနဲ့ တခြားဆက်စပ်ကိစ္စတွေအတွက် လေ့ကျင့်မှုတစ်ခုသာဖြစ်ပါတယ်” ဟု လေ့ကျင့်ရေးတွင်ပါ၀င်နေသော အမေရိကန်တပ်များ၏ တပ်မှူး ဗိုလ်ချုပ် စတီဖင်စမစ်က သောကြာနေ့က ဂျကာတာတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
“ဒါကြောင့် ဒါဟာတကယ့်စစ်ရေးလေ့ကျင့်မှုတစ်ခုသာဖြစ်ပြီး ဘယ်ပါတီ၊ဘယ်နိုင်ငံကိုမှ ခြိမ်းခြောက်လိုတာမျိုး မဟုတ်ပါဘူး” ဟုလည်း ၎င်းကဆက်လက်ပြောခဲ့သည်။
Source – AFP