တရုတ်ကိုအံတုလျက် ထိုင်ဝမ်သမ္မတ ပေလိုစီနှင့်တွေ့ဆုံဆွေးနွေး

0
403

တရုတ်ကိုအံတုလျက် ထိုင်ဝမ်သမ္မတ ပေလိုစီနှင့်တွေ့ဆုံဆွေးနွေး

တိုင်ပေ၊ဩဂုတ် ၃

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီကဗုဒ္ဓဟူးနေ့၌တိုင်ပေတွင် ထိုင်ဝမ်သမ္မတဆိုင်အင်ဝမ်နှင့် တွေ့ဆုံခြင်းသည် ထိုင်ဝမ်ကျွန်းတဝိုက်တွင် စစ်ရေးလေ့ကျင့်မှုများပြုလုပ်ရန် တရုတ်နိုင်ငံကိုလှုံ့ဆော်ပေးသည့် ခရီးစဉ်ဖြစ်‌စေသည်။

ပေကျင်းသည်၂၅ နှစ်အတွင်း အဆင့်အမြင့်ဆုံး အမေရိကန်အရာရှိတစ်ဦး၏ ခရီးစဉ်အပေါ် ဒေါသတကြီးတုံ့ပြန်ခဲ့သည်။ ထို့အပြင်ထိုင်ဝမ်၏လိမ္မော်သီးနှင့် ငါးတင်သွင်းမှုကိုပိတ်ပင်ပြီး ထိုင်ဝမ်သို့သဲတင်ပို့ခြင်းကို ရပ်ဆိုင်းမည်ဟု တရုတ်အစိုးရကဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင်ကြေညာခဲ့သည်။ယခုလုပ်ရပ်သည် ပေလိုစီထိုင်ဝမ်သို့မရောက်လာမီစတင်ခဲ့သည့် ထိုင်ဝမ်သို့ထိုးနှက်ချက်တစ်ခုဖြစ်သည်။

“တမင်တကာ တိုးမြင့်လာတဲ့စစ်ရေးခြိမ်းခြောက်မှု‌တွေကို ရင်ဆိုင်မှာပါ။ ထိုင်ဝမ်ကနောက်ပြန်ဆုတ်မှာ မဟုတ်ပါဘူး၊နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ခိုင်ခိုင်မာမာထိန်းသိမ်းပြီး ဒီမိုကရေစီကိုကာကွယ်မယ်” ဟု ဆိုင်ကပြောကြားခဲ့သည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့အနေဖြင့် ဒီမိုကရေစီတန်ဖိုးများကို အတူတကွကာကွယ်စောင့်ရှောက်ရန်အတွက် ကမ္ဘာတစ်ဝန်းရှိဒီမိုကရေစီနိုင်ငံများနှင့် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်လိုပါကြောင်းလည်းပြောကြားခဲ့သည်။

ပေလိုစီကလည်း ထိုင်ဝမ်နှင့်အမေရိကန်၏ “တည်မြဲသော ချစ်ကြည်ရင်းနှီးမှု” အတွက် ဂုဏ်ယူမိကြောင်းနှင့် ၎င်းတို့၏ကတိကဝတ်ကို စွန့်လွှတ်ကာထိုင်ဝမ်ကိုပစ်ပယ်ထားမည်မဟုတ်‌ကြောင်း ပြတ်ပြတ်သားသားပြန်လည်ပြောကြားခဲ့သည်။

ပေလိုစီသည် တရုတ်နိုင်ငံ၏ခြိမ်းခြောက်မှုများကြားမှ အင်္ဂါနေ့နှောင်းပိုင်းတွင် တိုင်ပေသို့လာရောက်ခဲ့သည်။‌လေဆိပ်ရောက်ရှိပြီးနောက် ထုတ်ပြန်သည့်ကြေညာချက်တွင် “ကမ္ဘာသည် ယခုအချိန်တွင် အာဏာရှင်နှင့်ဒီမိုကရေစီအကြား ရွေးချယ်မှုတစ်ခုနှင့်ရင်ဆိုင်နေရသောကြောင့် ထိုင်ဝမ်ပြည်သူ ၂၃ သန်းနှင့်အမေရိကန်၏ စည်းလုံးညီညွတ်မှုသည် ယခုအချိန်တွင် ပိုမိုအရေးကြီးသည့်အချိန်ရောက်နေပြီဖြစ်ကြောင်း” ပြောကြားခဲ့သည်။

ထို့နောက် ထိုင်ဝမ်ဥပဒေပြုလွှတ်တော် ဒုတိယဥက္ကဋ္ဌသည် ၁၉၉၂ ခုနှစ်တွင် ထိုင်ဝမ်၏ ပထမဆုံးသော ပါလီမန်ရွေးကောက်ပွဲ၊ ၁၉၉၆ ခုနှစ်တွင် ပထမဆုံး တိုက်ရိုက်သမ္မတရွေးကောက်ပွဲနှင့် အာဏာရပါတီများ၏ နောက်ဆက်တွဲအပြောင်းအလဲများကို ရှင်းလင်းထောက်ပြခဲ့သည်။

“၂၀၀၀ ပြည့်နှစ်တွင် နိုင်ငံရေးပါတီများကိုအာဏာလွှဲပြောင်းပေးခဲ့ပြီး ၂၀၁၆ ခုနှစ်တွင်လည်း တတိယအကြိမ်မြောက်အဖြစ် အာဏာလွှဲပြောင်းပေးခဲ့ကာ ထိုင်ဝမ်သည် ကမ္ဘာပေါ်တွင် ဒီမိုကရေစီ၏ မီးရှူးတန်ဆောင်ဖြစ်လာသည်” ဟု ဒုဥက္ကဌကပြောကြားခဲ့ပြီး “ကမ္ဘာ့ဒီမိုကရေစီမဟာမိတ်အဖွဲ့သည် ထိုင်ဝမ်နှင့်အတူ ရပ်တည်နိုင်မည်ဟု မျှော်လင့်ပါသည်” ဟုလည်းဆိုသည်။

“ထိုင်ဝမ်ကို ကမ္ဘာပေါ်မှာအလွတ်လပ်ဆုံး လူ့အဖွဲ့အစည်းတွေထဲက တစ်ခုအဖြစ် ချီးကျူးဂုဏ်ပြုပါတယ်” ဟု ပေလိုစီကပြန်ပြောခဲ့ပြီး သူမရဲ့ခရီးစဉ်ဟာ အမေရိကန်လွှတ်တော် တစ်ခုလုံးကိုကိုယ်စားပြုကြောင်းလည်း ထပ်လောင်းပြောကြားခဲ့သည်။

သည့်နောက်တွင်တော့ ထိုင်ဝမ်သမ္မတဆိုင်အင်ဝမ်က ထိုင်ဝမ်ကိုကောင်းကျိုးပြုသည့် အရပ်သားများနှင့်နိုင်ငံခြားသားများကို ချီးမြှင့်လေ့ရှိသည့် အမြင့်ဆုံးကောင်းကျိုးဆောင်ဆု (Order to Propitious Clouds)ကို မစ္စနန်စီပေလိုစီအား သမ္မတနန်းတော်မှာပင်ချီးမြှင့်ခဲ့ကြောင်းသိရှိရသည်။ထိုင်ဝမ်အတွက် မစ္စပေလိုစီ၏မဆုတ်မနစ်အားထုတ်မှုအတွက် အထူးကျေးဇူးတင်ရှိကြောင်းလည်း ပြောကြားခဲ့သည်။

ပေလိုစီသည် သူမ၏ အာရှခရီးစဉ် နောက်တစ်ဆင့်အဖြစ် ဗုဒ္ဓဟူးနေ့နှောင်းပိုင်းတွင် တောင်ကိုရီးယားသို့ သွားရောက်မည်ဖြစ်သည်။

Ref 1: Nikkei Asia
Ref 2: BBC


LEAVE A REPLY

Please enter your comment!
Please enter your name here