ရုရှားကအမေရိကန်ဘတ်စကက်‌ ဘောကစားသမား ကို မူးယစ်ဆေးဝါး မှောင်ခိုကူးမှုဖြင့် ထောင်ဒဏ် ၉ နှစ် ချမှတ်  

0
301

ရုရှားကအမေရိကန်ဘတ်စကက်‌ ဘောကစားသမား ကို မူးယစ်ဆေးဝါး မှောင်ခိုကူးမှုဖြင့် ထောင်ဒဏ် ၉ နှစ် ချမှတ်

ခမ်ကီ၊ ဩဂုတ် ၄ ရက်

ရုရှားတရားရုံးတစ်ခုက အမေရိကန်ဘတ်စကက်ဘော ကစားသမား ဘရစ်တနီ ဂရင်နာ အား မူးယစ်ဆေးဝါးမှောင်ခိုကူးမှုဖြင့် သြဂုတ် ၄ ရက် ကြာသပတေးနေ့တွင် ထောင်ဒဏ် ၉ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါး အမြောက်အမြား လက်ဝယ်ရှိမှု၊ မှောင်ခိုမှု ဖြင့် တရားခံကို အပြစ်ရှိကြောင်း တွေ့ရှိခဲ့သည်ဟု တရားသူကြီး အန်နာ ဆိုနီကိုဗာ က မော်စကိုမြို့အပြင်ဘက် ခမ်ကီ မြို့ရှိ တရားရုံးတစ်ခုတွင် ပြောကြားခဲ့သည်။

ဆိုနီကိုဗာ သည် အသက် ၃၁ နှစ်ရှိ ဂရင်နာ ကို ထောင်ဒဏ် ၉ နှစ် ချမှတ်ခဲ့ပြီး ဒဏ်ငွေ ရူဘယ်တစ်သန်း (အမေရိကန်ဒေါ်လာ ၁၆၅၉၀) ပေးဆောင်ရမည်ဟု အမိန့်ချမှတ်ခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဂရင်နာအမှုနှင့် ပတ်သက်၍ ရုရှားတရားရုံး၏ စီရင်ချက်ချမှုကို လက်မခံနိုင်ကြောင်း ချက်ခြင်းကြေညာချက် ထုတ်ပြန်ခဲ့သည်။

“ရုရှားက ဘရစ်တနီ ကို မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းထားပါတယ်၊ ဒါက လက်ခံလို့ ရတဲ့အရာ မဟုတ်ပါဘူး။ ဒါကြောင့် သူရဲ့ ဇနီး၊ ချစ်ရသူတွေ၊ သူငယ်ချင်းတွေ၊ အသင်းဖော်တွေနဲ့ အတူပြန်လည်ဆုံးစည်းနိုင်ဖို့အတွက် သူ့ကို ချက်ချင်းပြန်လွှတ်ပေးဖို့ ရုရှားကို တောင်းဆိုပါတယ်” ဟု ဘိုင်ဒင်က အဆိုပါ ကြေညာချက်တွင် ပြောကြားခဲ့သည်။

ဘိုင်ဒင်က ဂရင်နာ ပြန်လည်လွတ်မြောက်လာစေရေးအတွက် ဖြစ်နိုင်သမျှ နည်းလမ်းအားလုံးကိုသုံးသွားမည်ဖြစ်ပြီး အင်တိုက်အားတိုက် ကြိုးစားသွားမည်ဟု ထပ်လောင်းပြောကြားခဲ့သည်။

ဖေဖော်ဝါရီလ၌ မော်စကိုလေဆိပ်တွင် အရပ် ၆ ပေ ၇ လက်မရှိသော ဘတ်စကက်ဘော ကြယ်ပွင့်ကစားသမား ဂရင်နာအား ၎င်း၏ ခရီးဆောင်အိတ်အတွင်း ဆေးခြောက်ဆီပါဝင်သော vape ဘူးခွံများ သယ်ဆောင်လာသည်ကို တွေ့ရှိပြီးနောက် ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖမ်းဆီးထိန်းသိမ်းမှုသည် ရုရှား-ယူကရိန်း အရေးအခင်းမစတင်မီ ရက်ပိုင်းအလိုတွင် ဖြစ်ပွားခဲ့သည်ဟုလည်း သိရသည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here