အမေရိကန်နှင့်ပူးပေါင်းဆောင်ရွက်မှုများကို တရုတ်ရပ်ဆိုင်း

0
89

အမေရိကန်နှင့်ပူးပေါင်းဆောင်ရွက်မှုများကို တရုတ်ရပ်ဆိုင်း

ပေကျင်း၊ဩဂုတ် ၅

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီ၏ ယခုအပတ်အတွင်း ထိုင်ဝမ်သို့ လာရောက်ခဲ့မှုအပေါ် လက်တုံ့ပြန်သည့်အနေဖြင့် အကြီးတန်းအဆင့် စစ်ဘက်ဆိုင်ရာအကြီးအကဲများကြား ဆွေးနွေးမှုအပါအဝင် နယ်ပယ်အများအပြားတွင် အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်မှုကို ရပ်ဆိုင်းထားကြောင်း တရုတ်နိုင်ငံကသြဂုတ် ၅ ရက်၌ကြေငြာခဲ့သည်။

တရုတ်ဘက်မှ အပြင်းအထန်ကန့်ကွက်တားမြစ်နေသည့်ကြားမှ ပေလိုစီကထိုင်ဝမ်သို့ မရောက်ရောက်အောင်သွားခဲ့သဖြင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးမှုများအပါအဝင် အခြားပူးပေါင်းဆောင်ရွက်မှုများကိုပါ ယခုလိုရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ နေရပ်ပြန်ရေး၊တရားစီရင်ရေး အကူအညီများ၊ နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုများ၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ဆောင်မှုများနှင့် ပတ်သက်၍ ဝါရှင်တန်နှင့် ပူးပေါင်းဆောင်ရွက်မှုကို ဆိုင်းငံ့ထားမည်ဖြစ်သည် ဟုသိရှိရသည်။

ပေလိုစီ၏ခရီးစဉ်အပြီးတွင် ဝါရှင်တန်နှင့် ထိုင်ဝမ်၏ လက်ရှိခေါင်းဆောင်များကြား ဆက်ဆံရေးတိုးမြင့်လာခြင်းကို သ​ဘောမ​တွေ့ကြောင်းပြသည့်အနေဖြင့် ဘေဂျင်းသည်စစ်ရေးလေ့ကျင့်မှုများဖြင့် ခြိမ်းခြောက်တုံ့ပြန်ခဲ့သည်။

ပေလိုစီ၏ ရန်စ​သောလုပ်ရပ်အပေါ်တုံ့ပြန်သည့်အနေဖြင့် ၎င်းနှင့်၎င်း၏မိသားစုအား ပိတ်ဆို့အရေးယူရန်လည်းတရုတ်နိုင်ငံသည်သောကြာနေ့က ဆုံးဖြတ်ခဲ့သည်။

၎င်း၏ခရီးစဉ်အတွင်း ပေလိုစီသည် ထိုင်ဝမ်၏ ဒီမိုကရေစီရေး၊ စီးပွားရေးအောင်မြင်မှုနှင့် လူ့အခွင့်အရေးမှတ်တမ်းတို့ကို ချီးကျူးခဲ့ကာ သမ္မတဆိုင်အင်ဝမ် နှင့်လည်းတွေ့ဆုံခဲ့ပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

ထိုအရာကိုတုံ့ပြန်သည့်အနေဖြင့် တရုတ်သည် ကြာသပတေးနေ့၌ ထိုင်ဝမ်အနီးတစ်ဝိုက်တွင် ၎င်း၏အကြီးဆုံးစစ်ရေးလေ့ကျင့်မှုကိုပြုလုပ်ခဲ့သည်။

ထိုင်ဝမ်မှ ၂၀ ကီလိုမီတာသာဝေးပြီးကမ္ဘာ့ကုန် သင်္ဘောများစွာဖြတ်သန်း​လေ့ရှိသည့်​ရေလမ်းကြောင်း အချို့၌လည်းစစ်​ရေးလေ့ကျင့်သည့် စစ်သင်္ဘောများဖြတ်သွားခဲ့သည်။

ကမ္ဘာ့အကြီးဆုံး ကာဗွန်ထုတ်လွှတ်သည့်နိုင်ငံနှစ်ခုဖြစ်သည့် တရုတ်နှင့်အမေရိကန်တို့သည် ပြီးခဲ့သည့်နှစ်က Glasgow ရှိ COP26 ထိပ်သီးအစည်းအဝေး၌ ရာသီဥတုဆိုင်ရာ သဘောတူညီချက်ကို အံ့အားသင့်ဖွယ်အတူထုတ်ဖော်ခဲ့ကြသည်။

၎င်းတို့သည် ဤဆယ်စုနှစ်အတွင်း ရာသီဥတုလှုပ်ရှားမှုကို အရှိန်မြှင့်ရေးအတွက် အတူတကွလုပ်ဆောင်ရန် ကတိပြုခဲ့ပြီး “ရာသီဥတုအကျပ်အတည်းကို ဖြေရှင်းရန်” ပုံမှန်တွေ့ဆုံသွားမည်ဟုလည်း ကတိပြုခဲ့ဖူးသေးသည်။

 

Source – Reuters/ic


LEAVE A REPLY

Please enter your comment!
Please enter your name here