RCSS ထိန်းချုပ်နယ်မြေအတွင်းဖမ်းဆီးထားသော SSPPနှင့်TNLAတပ်ဖွဲ့ဝင် ၂၄ဦးအား ပြန်လည်လွှတ်ပေး

0
321

RCSSထိန်းချုပ်နယ်မြေအတွင်းဖမ်းဆီးထားသော SSPPနှင့်TNLAတပ်ဖွဲ့ဝင် ၂၄ဦးအား ပြန်လည်လွှတ်ပေး

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)ထိန်းချုပ်နယ်မြေအတွင်း ဖမ်းဆီးခံထားရသော ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA)တပ်ဖွဲ့ဝင်နှင့် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တပ်ဖွဲ့ဝင် ၂၄ဦးကို ယမန်နေ့ သြဂုတ် ၆ ရက်တွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်း အဆိုပါဒေသတွင်းသတင်းဌာနTAI FREEDON တွင် ဖော်ပြထားသည်။

ယမန်နေ့ နံနက် ၁၀ နာရီတွင် RCSS/SSA ဗဟိုဌာနချုပ်ရှိရာ လွယ်တိုင်းလျဲန်းတွင် ၂၀၂၁ ခုနှစ်အတွင်း ရှမ်းပြည်မြောက်ပိုင်း၌ ဖြစ်ပွားခဲ့သော တိုက်ပွဲများအကြား သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော်(RCSS/SSA)ဘက်မှ ဖမ်းဆီးရမိသူများအား ပြန်လည်လွှတ်မြောက်ပေးခြင်းအခမ်းအနား ပြုလုပ်ကျင်းပခဲ့ခြင်းဖြစ်သည်။

အဆိုပါအခမ်းအနားတွင် စစ်သုံးပန့်များဖြစ်သည့် SSPP တပ်သား (၁၃) ဦး၊ SSPPတပ်ဖွဲ့ သတင်းပေးသူ (၅) ဦး၊ SSPP တပ်ဖွဲ့ဝင် (၅) ဦး၊ TNLA တပ်ဖွဲ့ဝင် (၁) ဦး စုစုပေါင်း (၂၄) ဦး လွှတ်မြောက်ခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ SSPP ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူး စိုင်းဖုန်းဟန်ထံဖုန်းဆက်သွယ်မေးမြန်းရာဆက်သွယ်၍မရရှိ‌‌ သေးပေ၊ RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းငင့်ထံသို့ဆက်သွယ်မေးမြန်းရာ တွင်လည်း အဆက်အသွယ်မရရှိပေ။

အဆိုပါ တပ်ဖွဲ့ဝင်များကိုလွှတ်ပေးသည့်အခမ်းအနားတွင် RCSS/SSA ဒုတိယ ဥက္ကဋ္ဌ (၁) ဒုဗိုလ်ချုပ်ကြီး စိုင်းယီက ယခုကဲ့သို့ လွှတ်မြောက်ခွင့်ပေး ခြင်းသည် မည်သည့်ကတိမျှပေးစရာမလိုဘဲ ကိုယ့်နေရပ်သို့ လွှတ်လွှတ်လပ်လပ်ပြန်နိုင်ကြောင်း၊ နေရပ်ပြန်နိုင်ရန်အတွက်လည်း RCSSမှ တာဝန်ယူပြီး မိုင်းကိုင်မြို့နယ်အထိ ပို့ဆောင်ပေးမည်ဖြစ်ကြောင်းနှင့် ထိန်းချုပ်ထားရသည့် အကြောင်းအရင်းသည် တိုက်ပွဲကာလ အချိန်ဖြစ်သောကြောင့် ထိန်းချုပ်ထားရခြင်း ဖြစ်ကြောင်း အမှာစကားပြောကြား ရှင်းပြခဲ့သည်ဟု‌‌ ဖော်ပြထားသည်။

ထို့အပြင် ယခင်က သျှမ်းပြည်တိုင်းရင်းသား အချင်းချင်း တိုက်ပွဲဖြစ်ပွားမှုသည် အလွန်နည်းပါးကြောင်း၊ ယခုကဲ့သို့ တိုက်ပွဲဖြစ်ရသည့် အကြောင်းအရင်းမှာ ရန်သူ၏ မြောက်ပိုင်းအဖွဲ့ ၊ တောင်ပိုင်းအဖွဲ့စသည့် ခွဲခြားအမုန်းစကားများကြောင့် သျှမ်းပြည် တိုင်းရင်းသားအချင်းချင်း တိုက်ပွဲဖြစ်ပွားခြင်းသည် သျှမ်းပြည်တိုင်းရင်းသားအတွက် အရှုံးကြီးနှင့် ရင်ဆိုင်နေရကြောင်း၊ ပြည်သူများလည်း ဒုက္ခများစွာကြုံတွေ့ခဲ့ရကြောင်း နှင့် နောက်ဆုံးအနေဖြင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေကြောင်း ဆုတောင်းစကားပြောကြားခဲ့သည်ဟုသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here