ထိုင်းတွင် ရွှေ့ပြောင်းအမျိုးသမီးလုပ်သားများကိုကူညီရန် App အသစ်တီထွင်

0
134

ထိုင်းတွင် ရွှေ့ပြောင်းအမျိုးသမီးလုပ်သားများကိုကူညီရန် App အသစ်တီထွင်

ဘန်ကောက်၊ဩဂုတ် ၇

ကုလသမဂ္ဂအမျိုးသမီးများနှင့် ထိုင်း NGO အဖွဲ့တို့သည် လိင်ပိုင်းဆိုင်ရာစော်ကားမှုနှင့်အကြမ်းဖက်မှုများ ရင်ဆိုင်နေကြရသော ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအမျိုးသမီးများအတွက် app အသစ်တစ်ခုဖန်တီးရန် ပူးပေါင်းခဲ့ကြသည်။

အဆိုပါအပလီကေးရှင်းကို “Smart Domestic Workers” ဟု အမည်ပေးထားသည်။Smart Domestic Workers တွင် ရွှေ့ပြောင်းအမျိုးသမီးများအား အကြမ်းဖက်မှုမှ မိမိကိုယ်ကိုကာကွယ်နိုင်စေမည့် နည်းလမ်းများကို ထိုင်း၊ အင်္ဂလိပ်၊ မြန်မာနှင့် ခမာဘာသာစကား လေးမျိုးဖြင့်ထည့်သွင်းးထားသည်။

အသုံးပြုသူများသည် ၎င်းတို့အနီးနားရှိဆေးရုံ၊ရဲစခန်းများနှင့် အခြားဆက်စပ်အေဂျင်စီများကို ရှာဖွေနိုင်သည်။အပလီကေးရှင်းတွင် အေဂျင်စီများ၏ hotlines နံပါတ်များကိုလည်း ထည့်သွင်းစာရင်းပြုစုထားသည်။ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအမျိုးသမီး အများစုသည် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို ကြုံတွေ့နေရကြောင်း အက်ပလီကေးရှင်းတွင် ပူးပေါင်းဆောင်ရွက်နေသည့် NGO အဖွဲ့များထဲမှ အထွေထွေအတွင်းရေးမှူးကပြောသည်။

အလုပ်သမားနှင့်အလုပ်အကိုင်မြှင့်တင်ရေးဖောင်ဒေးရှင်း၏ အထွေထွေအတွင်းရေးမှူး Boonsom Namsomboon က ရွှေ့ပြောင်းအမျိုးသမီး ၈၀ ရာခိုင်နှုန်းသည် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများနှင့် ရင်ဆိုင်နေရသည်ဟုဆိုသည်။သို့သော် ရဲစခန်းသို့တိုင်ကြားမှု အလွန်နည်းသည်ဟုလည်း သူမကဆိုသည်။

ထိုင်းနိုင်ငံသည် ၎င်း၏ကမ်းခြေများ၊ တောင်များ၊ဖော်ရွေသောအပြုံးများဖြင့် ကျော်ကြားသော်လည်း ရွှေ့ပြောင်းနေထိုင်သူများအခွင့်အရေးနှင့်ပတ်သက်လာလျှင် အကောင်းဆုံးသောနိုင်ငံမဟုတ်ပေ။ထိုင်းနိုင်ငံတွင် တရားဝင်‌ နေထိုင်ခွင့်မရှိသော ရွှေ့ပြောင်းအလုပ်သမားများသည် နိုင်ငံတွင်းသို့ တရားမဝင်ဝင်ရောက်မှုကြောင့် ဖမ်းဆီးခံရနိုင်ခြေရှိပြီး ၎င်းတို့၏နေရပ်နိုင်ငံသို့ပြန်ပို့ခံရလေ့ရှိသည်။

အ‌ဆိုပါအချက်ကပင် အကြမ်းဖက်မှုများနှင့်ရင်ဆိုင်ကြုံတွေ့ရပါက ရဲစခန်းသို့မတိုင်ကြားရဲအောင် အဟန့်အတားဖြစ်စေခဲ့သည်။ဧပြီလကဖြစ်ပွားခဲ့သော ဖြစ်ရပ်သည် ရွှေ့ပြောင်းလုပ်သား အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်သူ၊စော်ကားသူများအနေဖြင့် အလွယ်တကူလွတ်မြောက်နိုင်ကြောင်းအထင်အရှားပြသခဲ့သည်။

ဘန်ကောက်မှတက္ကစီသမားတစ်ဦးက ဆယ်ကျော်သက် မြန်မာအမျိုးသမီးငယ်ကို အဓမ္မပြုကျင့်ခဲ့ပြီး ရဲစခန်းသို့ခေါ်သွားကာ တရားမဝင်နေထိုင်နေသည့် ရွှေ့ပြောင်းအလုပ်သမားဟုဆိုကာဖမ်းခိုင်းခဲ့သည်။သို့သော် ကံကောင်းထောက်မစွာဖြင့် ရဲများကအဆိုပါမိန်းကလေးသည် မတရားကျူးလွန်ခံရသူဖြစ်ကြောင်းသိရှိကာ တရားမဝင်နေထိုင်မှုဖြင့် အမှုမဖွင့်ခဲ့ကြောင်းပြောကြားခဲ့သည်။အဆိုပါတရားခံကိုမူ ယခုအပတ်တွင်ထောင်ဒဏ်ချမှတ်ခဲ့သည်။

Smart Domestic Workers ကဲ့သို့သော App များသည် ရွှေ့ပြောင်းအမျိုးသမီးများအတွက် အပြောင်းအလဲကိုဖန်တီးရာတွင် အစွမ်းထက်သောကိရိယာ တစ်ခုဖြစ်မည်ဟု မျှော်လင့်သည်ဟုလည်း ဖန်တီးသူများကပြောကြားခဲ့ကြသည်။

Source – Nation Thailand


LEAVE A REPLY

Please enter your comment!
Please enter your name here