ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၁၃ ခုသို့ ငမိုးရိပ်ရေသန့်စင်စက်ရုံ(ညောင်နှစ်ပင်)မှ နေ့စဥ်ရေဂါလံ သန်း ၉၀ အားဖြန့်ဝေပေးလျက်ရှိ

0
433

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၁၃ ခုသို့ ငမိုးရိပ်ရေသန့်စင်စက်ရုံ(ညောင်နှစ်ပင်)မှ နေ့စဥ်ရေဂါလံ သန်း ၉၀ အားဖြန့်ဝေပေးလျက်ရှိ

ရန်ကုန်တိုင်း၊လှည်းကူးမြို့နယ်၊အထရုကျေးရွာအနီး ခရိုင်ချင်းဆက်လမ်းဘေး၌ တည်ဆောက်ထားသည့် ငမိုးရိပ်ရေသန့်စင်စက်ရုံ(ညောင်နှစ်ပင်)ရေပေးဝေရေးစီမံကိန်းမှ ရန်ကုန်တိုင်းအ တွင်းရှိ မြို့နယ် ၁၃ ခုသို့ နေ့စဥ်ဖြန့်ဝေပေးလျက်ရှိသည်။

ငမိုးရိပ်ရေသန့်စင်စက်ရုံ(ညောင်နှစ်ပင်)ရေပေးဝေရေးစီမံကိန်းမှ နေ့စဥ် ရေဂါလံ သန်း ၉၀ အား မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ အင်းစိန်၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ ဒဂုံမြို့နယ် (မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း )၊ တာမွေ၊ သာကေတနှင့်ဒေါပုံမြို့နယ်များသို့ ဖြန့်ဝေပေးခြင်းဖြစ်သည်။

အဆိုပါ ရေပေးဝေရေးစီမံကိန်းသည် လှည်းကူး -ဖောင်ကြီးကားလမ်းဘေး ရေကဒစ်ကျေးရွာအနီးရှိ ငမိုးရိပ်ဆည်၏ ရေပေးမြောင်းမကြီးမှတဆင့် အရှည် ၆ ဒသမ ၁၅ မိုင်ရေခေါ်တူးမြောင်း Open Channel နှင့်ငမိုးရိပ်ချောင်းဖြတ်ရေပြွန် Syphon ဖောက်လုပ်၍ ရေသန့်စင်စက်ရုံသို့ ဆက်သွယ်ခြင်း၊စက်ရုံတည်ဆောက်ခြင်းလုပ်ငန်းများအား ၂၀၀၄ ခုနှစ်တွင် စတင်ခဲ့သည်။

ထိုသို့ စတင်ခဲ့ပြီးနောက် ၂၀၀၅ ခုနှစ်တွင် ပထမအဆင့်ပြီးစီးကာ ၂၀၁၄ ခုနှစ်၌ အလုံးစုံပြီးစီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ငမိုးရိပ်ရေသန့်စင်စက်ရုံ(ညောင်နှစ်ပင်) ၏ လုပ်ငန်းဆောင်ရွက်နေမှုများအား သြဂုတ် ၉ ရက်(ယနေ့)နံနက်ပိုင်းတွင် ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးက တာဝန်ရှိသူများနှင့်အတူ သွားရောက် ၍ ရေအရည်အသွေးစစ်ဆေးသည့် ဓာတ်ခွဲခန်း၌ ရေအရည်အသွေး ဓာတ်ခွဲစစ်ဆေးနေမှု၊ PAC ဆေးခတ်ရုံတို့အား ကြည့်ရှု့စစ်ဆေးခဲ့သည်။

အလားတူ ပထမအကြိုအနည်ထိုင်ကန်၊ ဒုတိယအကြိုအနည်ထိုင်ကန်၊ အနိမ့်ရေတင်စက်ဖြင့် ရေစုကန်မှရေအား Water Tower ရေစင်သို့ ရေတွန်းပို့နေမှု၊ ရေစင်မှအနည်စုဖွဲ့ကန်သို့ ရေသွင်းရာတွင် PAC ဆေးခတ်နေမှု၊ အနည်စုဖွဲ့ကန်တွင် Flocculation ပြုလုပ်ပြီး အနည်ထိုင်ကန်တွင် Sedimentation အနည်ထိုင်စေခြင်း အဆင့်ဆင့်ပြုလုပ်နေမှုတို့ကိုလည်း ကြည့်ရှုခဲ့သည်။

ထို့ပြင် ကျောက်မီးသွေး ထု ၈ လက်မ၊ သဲ ထု ၁၆ လက်မ၊ ကျောက်စရစ် ထု ၁၂ လက်မ ထည့်သွင်းထားသည့် သဲအမြန်ရေစစ်ကန် Rapid Sand Filter ဖြင့်ရေသန့်စင်နေမှု၊ ကလိုရင်းဆေးခတ်ရုံတွင် Chlorination ပြုလုပ်နေမှု၊ ရေကြည်စုကန်နှင့်ရေတွန်းစက်ရုံတွင် 560 kW ရေတွန်းစက် ၆ လုံးတပ်ဆင်၍ လုပ်ငန်းဆောင်ရွက်နေမှုတို့အား ကြည့်ရှု့စစ်ဆေးခဲ့သည်။

အလားတူ တာဝန်ရှိသူများမှလည်း လုပ်ငန်းစဥ်အလိုက်ဆောင်ရွက်နေမှုများနှင့်ရေတွန်းစက်ရုံမှတဆင့် အချင်း ၅၆ လက်မ DI ပိုက်၊ အချင်း ၄၀ လက်မ HDPE ပိုက်၊ အချင်း ၄၈ လက်မ HDPE ပိုက်တို့ဖြင့် ရန်ကုန်မြို့သို့ ရေပေးဝေခြင်းစနစ်များ၊ ရေတွန်းစက်များထိန်းချုပ်မောင်းနှင်ခြင်းနှင့်ရေအရည်အသွေးစစ်ဆေးခြင်း တို့အား ရှင်းလင်းတင်ပြခဲ့ကြသည်။

ရန်ကုန်မြို့တော်စည်ပင်၊အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)သည် ငမိုးရိပ်ဆည်မှဝင်လာသည့်ရေအား PAC ဆေးခတ်ကာ အနည်ထိုင်ကန်အ ဆင့်ဆင့်ဖြင့် ရေသန့်စင်ပြီးနောက် သန့်စင်ပြီးရေအား ကလိုရင်းဆေးထပ်မံခတ်၍ စက်ရုံ၏ Mini Laboratory ဓာတ်ခွဲခန်းအတွင်း Color, pH, Electrical Conductivity, Total Dissolved Solid (TDS), Salinity, Turbidity, Residual Chlorine ၇ မျိုးအား နေ့စဉ်ဓာတ်ခွဲစစ်ဆေးပေးလျက်ရှိသည်။

အလားတူ အင်ဂျင်နီယာဌာန၏ ဓာတ်ခွဲခန်း၌ ယင်း ၇ မျိုးအပါအဝင် ၂၉ မျိုးအား အပတ်စဉ်ဓာတ်ခွဲစစ်ဆေး၍ သန့်ရှင်းသည့်သောက်သုံးရေ များ ဖြန့်ဖြူးပေးလျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here