ဗြိတိန်တွင် အပူချိန်မြင့်တက်၊ ရေလုပ်ငန်းများထိခိုက်နိုင်ကြောင်း မိုးလေဝသပညာရှင်များသတိပေး

0
131

ဗြိတိန်တွင် အပူချိန်မြင့်တက်၊ ရေလုပ်ငန်းများထိခိုက်နိုင်ကြောင်း မိုးလေဝသပညာရှင်များသတိပေး

လန်ဒန်၊ဩဂုတ် ၁၀

ယခုတစ်ပတ်နှောင်းပိုင်းတွင် ဗြိတိန်သို့ နောက်ထပ်အပူလှိုင်းဝင်ရောက်နိုင်သဖြင့် အပူချိန်လွန်ကဲမှုကြောင့် နိုင်ငံရှိရေပေးဝေမှုစနစ်တွင် ကန့်သတ်ချက်များရှိလာနိုင်သည်ဟု မိုးလေဝသအေဂျင်စီက အင်္ဂါနေ့ကသတိပေးချက် ထုတ်ပြန်ခဲ့သည်။

မိုးလေဝသဌာန၏ထုတ်ပြန်ချက်အရ အင်္ဂလန်တောင်ပိုင်းရှိနေရာများနှင့် ဝေးလ်စ်အရှေ့ပိုင်းဒေသများတွင် ကြာသပတေးနေ့မှ တနင်္ဂနွေနေ့အထိ အပူချိန်မြင့်တက်လာနိုင်ပြီး ထိုအပူဒဏ်ကြောင့်ပင် ကျန်းမာရေး၊သယ်ယူပို့ဆောင်ရေးနှင့် အခြေခံအဆောက်အဦများအတွက် ထိခိုက်မှုများရှိလာနိုင်ကြောင်း ခန့်မှန်းထားသည်။

အပူချိန်သည် ၃၀ ဒီဂရီစင်တီဂရိတ် အထိ ရက်အတော်ကြာကြာရောက်ရှိ မြင့်တက်နိုင်ကြောင်း ခန့်မှန်းထားကြသည်။

လူ့အသုံးအ‌ဆောင်ပစ္စည်းများကထုတ်လွှတ်သော ကာဗွန်ဓာတ်ငွေ့များကြောင့် ကမ္ဘာကြီးကိုပိုမိုပူနွေးစေကာ အပူလှိုင်းများနှင့်မိုးခေါင်ခြင်းများအပါအဝင် အခြားပြင်းထန်သော ရာသီဥတုဖောက်ပြန်မှုများကိုပါဖြစ်ပေါ်စေသည်ဟု မိုးလေဝသပညာရှင်များကတစ်ခဲနက်‌ေပြာကြားကြသည်။

ဗြိတိန်တွင် ရှားရှားပါးပါးဖြစ်ပွားခဲ့သည့် အပူချိန်လွန်ကဲမှုကြောင့် လန်ဒန်မြို့ဆင်ခြေဖုံးရပ်ကွက်များတွင် တောမီးများလောင်ကျွမ်းလျက်ရှိသည်။

အိမ်နီးချင်းပြင်သစ်နိုင်ငံတွင်လည်း တတိယအကြိမ်မြောက်ဝင်ရောက်သည့် ပြင်းထန်သောအပူလှိုင်းကြောင့် လက်ရှိမိုးခေါင်ရေရှားမှု ပိုမိုဆိုးရွားလာပြီး နိုင်ငံတစ်ဝန်းတောမီးလောင်ကျွမ်းမှုများ ပိုမိုအရှိန်ပြင်းလာကာ ရေများကိုအကန့်အသတ်ဖြင့်ပေးဝေရန်ညွှန်ကြားထားကြောင်းသိရှိရသည်။

ဥရောပသမဂ္ဂ၏ ဂြိုလ်တုစောင့်ကြည့်ရေးဝန်ဆောင်မှု EFFIS ၏အချက်အလက်များအရ ယခုနှစ် ဇူလိုင်လအတွင်း ပြင်သစ်တွင် ဟက်တာ ၄၇,၀၀၀ ကျော် မီးလောင်ခဲ့ပြီးဖြစ်သည်။

အင်္ဂါနေ့က ပြင်သစ်နိုင်ငံတောင်ပိုင်း Aveyron ဒေသတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ဟင်းသီးဟင်းရွက်စိုက်ခင်း ဟက်တာ ၇၀၀ ခန့် ထက်မနည်းပျက်စီးခဲ့ပြီး အားလပ်ရက်အပန်းဖြေသူများ အပါအဝင်လူပေါင်း ၃၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကာ ထိခိုက်ဒဏ်ရာရမှုမရှိခဲ့ဟုသိရှိရသည်။

Source – AFP/ec


LEAVE A REPLY

Please enter your comment!
Please enter your name here