တွစ်တာနှင့် တရားရင်ဆိုင်ရန် ဒေါ်လာ ၇ ဘီလီယံနီးပါး ရှိ တက်စလာရှယ်ယာများကို ရောင်းချ

0
138

တွစ်တာနှင့် တရားရင်ဆိုင်ရန် ဒေါ်လာ ၇ ဘီလီယံနီးပါး ရှိ တက်စလာရှယ်ယာများကို ရောင်းချ

တက်စလာ လျှပ်စစ်ကားကုမ္ပဏီ အမှုဆောင်အရာရှိချုပ် အီလွန်မက် သည် အမေရိကန် ဒေါ်လာ ၆ ဒသမ ၉ ဘီလီယံ တန်ဖိုးရှိ တက်စလာ ကုမ္ပဏီ၏ ရှယ်ယာများကို ရောင်းချခဲ့ပြီး တွစ်တာနှင့် တရားရင်ဆိုင်ရာတွင် ရှုံးနိမ့်သွားပါက အဆိုပါ ငွေများအား အလားအလာရှိသော တွစ်တာဝယ်ယူမှုအတွက် သုံးစွဲနိုင်ကြောင်း ပြောကြားခဲ့သည်။

“တွစ်တာဘက်က တရားစွဲတာ နိုင်သွားလို့ တကယ်ဝယ်ရတော့မယ့်အခါနဲ့ အချို့ အစုရှယ်ယာမိတ်ဖက်တွေက ငွေစိုက်ထုတ်မပေးနိုင်တဲ့အခါမှာ တက်စလာရဲ့ စတော့ရှယ်ယာတွေကို အရေးပေါ် ရောင်းချရမယ့် အခြေအနေကို ရှောင်ရှားဖို့ အရေးကြီးပါတယ်” ဟု အီလွန်မက်က အင်္ဂါနေ့ ည၌ တွစ်တာပေါ်တွင် ရေးသားခဲ့သည်။

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မက်သည် ဒေါ်လာ ၈ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ တက်စလာ၏ အစုရှယ်ယာများကို ဧပြီလတွင် ရောင်းချပြီးနောက် အဆိုပါကုမ္ပဏီ၏ ရှယ်ယာများကို ထပ်မံရောင်းချတော့မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

သို့ရာတွင် မက်သည် တွစ်တာနှင့် တရားရင်ဆိုင်ရာတွင် ရှုံးနိမ့်၍ ဝယ်ယူမှုကို အပြီးသတ်ရန် သို့မဟုတ် ပြစ်ဒဏ်အနေဖြင့် လျော်ကြေးပေးရန် အမိန့်ချမှတ်ခံရမည် ဆိုပါက တက်စလာ၏ ရှယ်ယာများကို ထပ်မံရောင်းချရမည်ဟု ဥပဒေ ကျွမ်းကျင်သူများက ဆိုသည်။

အီလွန်မက်သည် အမေရိကန်ဒေါ်လာ ၄၄ ဘီလီယံဖြင့် တွစ်တာ ဆိုရှယ်မီဒီယာပလက်ဖောင်းအား ဝယ်ယူမည့် သဘောတူညီချက်ကို ဧပြီလ ၂၅ ရက်နေ့တွင် ဖျက်သိမ်းခဲ့သဖြင့် တွစ်တာ၏ တရားစွဲခံနေရခြင်းဖြစ်သည်။

နှစ်ဖက်ရုံးချိန်းကိုမူ အောက်တိုဘာ ၁၇ ရက်နေ့တွင် ချိန်းဆိုထားကြောင်း သိရသည်။

နောက်ဆုံးစတော့ရှယ်ယာရောင်းချမှုတွင် မက်သည် ဩဂုတ်လ ၅ ရက်မှ ၉ ရက်တွင်း ရှယ်ယာ ၇ ဒသမ ၉၂ သန်း ရောင်းချခဲ့သည်။ တက်စလာ၌ မက်၏ ရှယ်ယာသည် ၁၅၅ ဒသမ ၀၄ သန်း ကျန်ရှိနေသေးကြောင်း သိရသည်။

နောက်ဆုံးရောင်းချခဲ့သော ရှယ်ယာများအရ မက်သည် ယခုနှစ်အတွင်း စုစုပေါင်း ဒေါ်လာ ၃၂ ဘီလီယံ တန်ကြေးရှိသည့် တက်စလာရှယ်ယာများကို ရောင်းချခဲ့ပြီ ဖြစ်သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here