သီရိလင်္ကာ သမ္မတဟောင်း ဂိုတာဗျာ ရာဂျားပါစကာထိုင်းတွင်ယာယီနေမည်

0
157

သီရိလင်္ကာ သမ္မတဟောင်း ဂိုတာဗျာ ရာဂျားပါစကာထိုင်းတွင်ယာယီနေမည်

ဘန်ကောက်၊ သြဂုတ် ၁၁ ရက်

သီရိလင်္ကာနိုင်ငံသမ္မတဟောင်း ဂိုတာဗျာ ရာဂျားပါစကာ သည် ဩဂုတ်လ ၁၁ ရက် ကြာသပတေးနေ့တွင် ထိုင်းနိုင်ငံသို ရောက်ရှိမည်ဖြစ်ပြီး ‌ခေတ္တနေထိုင်သွားမည်ဖြစ်ကြောင်းသိရသည်။

ရာဂျားပါစကာသည် ဆန္ဒပြသူများက ၎င်း၏သမ္မတအိမ်တော်ကို ဝင်ရောက်စီးနင်းပြီးနောက် မော်လ်ဒိုက်သို့ ဦးစွာ သိမ်းရှောင်ခဲ့သည်။ ထိုမှတဆင့် စင်္ကာပူ သို့သွားရောက်ခဲ့ပြီး မကြာမီ၌ ရာထူးမှ နုတ်ထွက်ခဲ့သည်။

စစ်ဗိုလ်ဟောင်း တစ်ဦးဖြစ်ပြီး သိရီလင်္ကာသမိုင်းတစ်လျှောက် သမ္မတသက်တမ်းကာလ တစ်ဝက်၌ ရာထူးမှ နုတ်ထွက်ခဲ့ရသည့် ပထမဆုံး နိုင်ငံ့ခေါင်းဆောင် ဖြစ်လာသူ ရာဂျားပါစကာသည် စင်ကာပူမှ ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်သို့ ကြာသပတေးနေ့တွင် သွားရောက်မည်ဟု သတင်းရင်းမြစ် နှစ်ခုအရ သိရသည်။ 

သိုရာတွင် မည်သည့်အချိန်၌ ရောက်ရှိမည်ကိုမူ တိတိကျကျ မသိရသေးချေ။

ထိုင်းအာဏာပိုင်များက ရာဂျားပါစကာသည် နိုင်ငံတွင်းခိုလှုံခွင့် တောင်းခံရန် ရည်ရွယ်ချက်မရှိကြောင်းနှင့် ခေတ္တခဏသာ နေထိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ဒါဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပြဿနာဖြစ်ပြီး ယာယီနေထိုင်ဖို့ခွင့်ပြုပေးရမယ့် သဘောတူညီချက်တစ်ခုရှိပါတယ်” ဟု ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ဗုဒ္ဓဟူးနေ့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

ရာဂျားပါစကာ ထိုင်းနိုင်ငံ၌ နေထိုင်စဉ် နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်နိုင်မည် မဟုတ်ကြောင်း ပရာယွတ်က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန် ပါရာမူဝီနိုင်းက လက်ရှိသီရိလင်္ကာအစိုးရသည် ရာဂျားပါစကာ ၏ ထိုင်းနိုင်ငံခရီးစဉ်ကို ထောက်ခံခဲ့ပြီး သမ္မတဟောင်းသည် သံတမန်နိုင်ငံကူးလက်မှတ်ဖြင့် ထိုင်းနိုင်ငံတွင် ရက်ပေါင်း ၉၀ နေထိုင်နိုင်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ရာဂျားပါစကာသည် သီရိလင်္ကာမှ သိမ်းရှောင်ပြီးနောက်ပိုင်း လူသိရှင်ကြား ထွက်ပေါ်လာခြင်း မရှိသကဲ့သို့တစ်စုံတစ်ရာပြောကြားခြင်းလည်း မပြုလုပ်ခဲ့ပေ။ 

ရိုက်တာသတင်းဌာနကလည်း ရာဂျားပါစကာကို ချက်ချင်း ဆက်သွယ်နိုင်ခြင်း မရှိကြောင်း ပြောကြားခဲ့သည်။

Source: Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here