တာချီလိတ်မြို့ရှိ ရပ်ကွက်အများစုတွင် ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိ
ရှမ်းပြည်နယ်၊တာချီလိတ်မြို့တွင် သြဂုတ် ၁၂ ရက်(ယနေ့)တွင် မိုးသည်းထန်စွာရွာသွန်းပြီး မယ်ခေါင်ချောင်းရေလျှံကျကာ ရပ်ကွက်အချို့၌ ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိသည်ဟု လူမှုကူညီရေးအသင်းများမှ သိရသည်။
ရေဝင်ရောက်မှုအများဆုံးဖြစ်ပွားလျက်ရှိသည့် ရပ်ကွက်များမှာ ပုန်းထွန်၊တာလော့၊မကာဟိုခမ်း၊ မယ်ခေါင်၊ ဆန်ဆိုင်း(က)၊ဆန်ဆိုင်း(ခ)၊မယ်ခေါင်၊ဝိန်းကျောက်(လားဟူစျေးနှင့်တော်ကော့တွင်း)ရပ်ကွက်များဖြစ်ပြီး လူနေအိမ်များအတွင်းနှင့်လမ်းများပေါ်တွင် ရေဝင်ရေကျော်မှုများ ဖြစ်ပေါ်လျက်ရှိသည်။
ထို့အတူ မိုးသည်းထန်စွာရွာသွန်းပြီး မယ်ခေါင်ချောင်းရေလျှံကျနေသဖြင့် တာချီလိတ်မြို့ရှိ ဗိုလ်ချုပ်လမ်းမပေါ်တွင်လည်း ရေကျော်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ရေကျော်နေသဖြင့် ရေဆက်လက်လျှံတက်ခြင်းမရှိစေရန် မယ်ခေါင်ရပ်ကွက်နှင့်ဝိန်းကျောက်ကြား လားဟူဈေးအနီးတွင် ကျောက်၊သဲအိတ်များအား တာဝန်ရှိသူများက ကာရံခဲ့ကြကြောင်း သိရသည်။
“ဒီနေ့မနက်ပိုင်းကစပြီး ရေတွေတက်လာတာ မိုးကလည်းအတော်ရွာနေတယ် အိမ်တွေထဲလည်းရေဝင်နေပြီ အခုညနေပိုင်းရေဘေးဒုက္ခရောက်နေတဲ့လူတွေအတွက် အစားအသောက်တွေသွားလှူပါမယ် ကူညီတာတွေလည်းလုပ်ပေးနေပါတယ်” ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြော သည်။
ထို့ပြင် တာချီလိတ်မြို့နယ်၊မိုင်းကိုးကျေးရွာအုပ် စုရှိ ဟွေအန်းချောင်းရေမြင့်တက်လာသဖြင့် ဆီလီငေါ-မော်တွီသွားကျေးရွာချင်းဆက်လမ်းပေါ်တွင်လည်း ရေကျော်မှုများဖြစ်ပေါ်နေကာ သွား လာရခက်ခဲနေသည်ဟု သိရသည်။
Photo-ရှမ်းအရှေ့သတင်းမဏ္ဏိုင်