ကုလအကြီးအကဲ နျူကင်းစင်ရေးမှာဘက်လိုက်ဟုမြောက်ကိုရီးယားဝေဖန် 

0
189

ကုလအကြီးအကဲ နျူကင်းစင်ရေးမှာဘက်လိုက်ဟုမြောက်ကိုရီးယားဝေဖန်

       

မြောက်ကိုရီးယားနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာနသည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ နျူလုံးဝကင်းစင်ရေးအားပေးသည့် မှတ်ချက်ကို ပြစ်တင်ရှုံ့ချခဲ့သည်။၎င်း၏ပြောကြားချက်သည် တရားမျှတမှုကင်းမဲ့သည်ဟုလည်း မြောက်ကိုရီးယားကဆိုသည်။

ကုလအတွင်းရေးမှူးချုပ် ဂူတားရက်စ်သည် တောင်ကိုရီးယားသမ္မတ မစ္စတာ ယွန်းဆော့ယော် နှင့်တွေ့ဆုံစဉ် မြောက်ကိုရီးယား၌ နျူလုံးဝဖျက်သိမ်းရေးကြိုးပမ်းမှုကို ၎င်းအနေဖြင့်အပြည့်အဝထောက်ခံကြောင်း ပြောကြားခဲ့သည်။

 

 

“ကိုရီးယားကျွန်းဆွယ်မှာ နျူကင်းစင်ရေးအတွက် မြောက်ကိုရီးယားနျူကို ထိန်းချုပ် တဲ့နေရာမှာ ထောက်ခံအားပေးကူညီပေးဖို့ ကျွန်တော်တို့ဘက်က အပြည့်အဝကတိပြုပါတယ်” ဟုလည်း မစ္စတာဂူတားရက်စ် ကဆိုခဲ့သည်။

 

မစ္စတာဂူတားရက်စ်၏ ယခုမှတ်ချက်သည် တောင်ကိုရီးယားနှင့်အမေရိကသည်မြောက်ကိုရီးယားအနေဖြင့် သတ္တမအကြိမ်မြောက် နျူစမ်းသပ်မှုပြုလုပ်နိုင်ကြောင်း ထပ်တလဲလဲသတိပေးနေချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

 

မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာန KCNA ၏အစီရင်ခံစာအရ ပြုံယမ်းနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတ်ယဝန်ကြီး မစ္စတာ Kim Son Gyong ကမူ “ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ယခုကဲ့သို့ပြောကြားခြင်းကိုလွန်စွာစိတ်မကောင်းဖြစ်မိသည်” ဟု ထုတ်ဖော်ပြောကြားခဲ့သည်။ထို့ပြင် ယခုကဲ့သို့ပြောကြားခြင်းသည် ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ ၎င်း၏တာဝန်နှင့်ဝတ္တရားကို ချိုးဖောက်နေခြင်းဖြစ်သည်ဟု ဝေဖန်ခဲ့သည်။

ကုလအတွင်းရေးမှူးချုပ်အား ဒုတိယဝန်ကြီးကအခြားနိုင်ငံတစ်ခုမှအစိုးရ၏အမိန့်များကိုတောင်းဆိုလက်ခံခြင်း မပြုသင့်ဘဲ ကုလသမဂ္ဂအတွက်သာတာဝန်ရှိသော နိုင်ငံတကာတာဝန်ရှိသူတစ်ဉီးအနေဖြင့် ၎င်း၏ရာထူးကိုထိခိုက်စေနိုင်သည့် အပြောအဆိုအပြုအမူမျိုးကိုရှောင်ကြဉ်သင့်သည်ဟုသတိပေးခဲ့သည်။

ကိုရီးယားကျွန်းဆွယ်မှာ အခြေအနေတင်းမာနေချိန်၌ အပြောအဆိုဆင်ခြင်သင့်ကြောင်းလည်း Kim က သတိပေးခဲ့ပြီး ယခုကဲ့သို့သတိပေးခြင်းသည် မြောက်ကိုရီးယားအနေဖြင့် နျူကင်းစင်ရေးကိုလက်ခံမည်မဟုတ်ပဲ လုံးဝငြင်းပယ်ခြင်းဖြစ်ကြောင်း ကုလအတွင်းရေးမှူးသဘောပေါက်နိုင်သည်ဟုလည်းဆိုခဲ့သည်။

ပြုံယမ်းသည် ၂၀၁၇ ခုနှစ်မှစ၍ ပြုလုပ်ခဲ့သည့် ပထမဆုံးသောတိုက်ချင်းပစ်ဒုံးကျည်စမ်းသပ်မှုအပါအဝင် ယခုနှစ်အတွင်း၌လည်း စံချိန်တင်လက်နက်စမ်းသပ်မှုများ ပြုလုပ်ခဲ့သည်။

ပြီးခဲ့သည့်လကလည်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအမ်း ကမူ ၎င်း၏တပ်မတော်အနေဖြင့် နျူကင်းစင်ရေးတားမြစ်ချက်များအပေါ်တုံ့ပြန်ရန် စစ်အင်အားအဆင်သင့်ဖြစ်နေပြီဟုလည်းကြေငြာခဲ့သည်။

 

Source – Wio News


LEAVE A REPLY

Please enter your comment!
Please enter your name here