တရုတ်တွင် အပူလှိုင်းများဆက်လက်ဖြစ်ပေါ်နေ

0
121

တရုတ်တွင် အပူလှိုင်းများဆက်လက်ဖြစ်ပေါ်နေ

ရှန်ကျန်း၊ဩဂုတ် ၁၃

တရုတ်နိုင်ငံအနောက်တောင်ပိုင်းရှိ အဓိကမြို့ကြီးတစ်မြို့ဖြစ်သည့် Chongqing အပါအဝင် ဒေသအများအပြား၌ စနေနေ့ (ဩဂုတ် ၁၃ ရက်) တွင် အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ထက်ကျော်လွန်သွားခဲ့ပြီး နိုင်ငံ၏မိုးလေဝသဌာန ကလည်းအနီရောင်အဆင့် သတိပေးချက်ကိုဆက်လက်ထုတ်ပြန်ခဲ့သည်။

စက်ရုံများနှင့်သွင်းကုန်လုပ်ငန်းများတည်ရှိရာ Zhejiang တွင်လည်း အပူချိန်များမြင့်တက်လျက်ရှိပြီး အရှေ့ပိုင်းပြည်နယ်တစ်ခုလုံးသည် ယခုနှစ်အတွင်း အပူချိန်စံချိန်တင်မြင့်တက်ကာ အပူချိန် ၃၅ ဒီဂရီအထိရက်ပေါင်း ၃၁ ရက်ကြာမြင့်တက်ခဲ့ပြီး ၃၈ ဒီဂရီအထက် ၁၆ ရက်ကြာမြင့်တက်ခဲ့သည် ဟုမိုးလေဝသပညာရှင်တစ်ဦးကဆိုသည်။

စနေနေ့တွင် အပူချိန် ၄၂ ဒသမ ၁ ဒီဂရီအထိမြင့်တက်ခဲ့သော Chongqing နှင့်အတူ Hubei,Hunan,Shandong,Anhui,Xinjiang,Jiangxi နှင့် Fujian တို့သည်လည်း အပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်သောပြည်နယ်နှင့်ဒေသများဖြစ်လာကြသည်။

ထိုအချိန်ကာလအတွင်း မိုးကြိုးမုန်တိုင်းတစ်ခုဖြစ်ပေါ်ခဲ့ပြီး ရှန်ဟိုင်းမြို့၌ အပူချိန် ၄၀ ဒသမ ၉ ဒီဂရီစင်တီဂရိတ်အထိရောက်ရှိမည့် အခြေအနေမှသက်သာခဲ့သော်လည်း စီးပွားရေး မြို့တော်ရှန်ဟိုင်းမှ လူပေါင်း ၂၅ သန်းသည် အပူဒဏ်ကိုဆက်လက်ခံစားနေရဆဲဖြစ်သည်။

“ပေါင်းအိုးထဲရောက်နေသလိုပါပဲ၊ အရမ်းပူတယ်၊ အပြင်ထွက်လှုပ်လှုပ်ရှားရှားမလုပ်တာတောင်ချွေးအရမ်းထွက်တယ်” ဟု အသက် ၇၀ အရွယ်ရှိ မစ္စတာ Shen Fengming ကဆိုသည်။

ဆိပ်ကမ်းဝန်ထမ်းတစ်ဦးဖြစ်သူ Huang Yi ကလည်း “အလုပ်ထဲဝင်ပြီး ဟိုလျှောက်ဒီလျှောက် နာရီဝက်တစ်နာရီလောက်လုပ်ပြီးရင်ကို ချွေးကရေချိုးထားသလိုပဲ၊အင်္ကျီတွေ ဘောင်းဘီတွေ စိုရွှဲနေတာပဲ” ဟုဆိုသည်။

တရုတ်နိုင်ငံ၏မိုးလေဝသဌာနကလည်း နိုင်ငံ၏ပျှမ်းမျှအပူချိန်သည် လွန်ခဲ့သောနှစ်ပေါင်း ၇၀ အတွင်း ကမ္ဘာ့ပျှမ်းမျှအပူချိန်ထက် ပိုမိုလျင်မြန်စွာမြင့်တက်လာပြီး ယခုကဲ့သို့ရာသီဥတုဖောက်ပြန်နေသရွေ့ ဆက်လက်ဖြစ်ပွားနေမည်ဟုလည်း ပြီးခဲ့သည့်အပတ်ကသတိပေးခဲ့သည်။

Source – Reuters/ic


LEAVE A REPLY

Please enter your comment!
Please enter your name here